The network connection is lost.

Banner Image

ချဲလ်ဆီးနည်းပြသစ်ရာထူးအတွက် ရေပန်းအစားဆုံးဖြစ်နေတဲ့ ရိုဆင်နီယာ

ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ်ရာထူးအတွက် စထရာဘော့နည်းပြ လီယမ်ရိုဆင်နီယာဟာ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ အသက် ၄၅ နှစ်အရွယ် လက်စတာနည်းပြဟောင်း မာရက်စ်ကာဟာ အသင်းအုပ်ချုပ်ရေးပိုင်းနဲ့ ပိုင်ရှင်တွေကြား သဘောထားကွဲလွဲမှုတွေကြောင့် ကြာသပတေးနေ့မှာပဲ ချဲလ်ဆီးနည်းပြရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ 

အီတလီလူမျိုးနည်းပြရဲ့နေရာမှာ အစားထိုးဖို့ ပြင်ဆင်မှုတွေ စတင်နေပြီဖြစ်ပြီး အင်္ဂလန်သား ရိုဆင်နီယာက ရှေ့ဆုံးက ပြေးနေပေမဲ့ တခြားဖြစ်နိုင်ခြေတွေကိုလည်း ထည့်သွင်းစဉ်းစားနေတယ်လို့ သိရပါတယ်။  ရိုဆင်နီယာ လက်ရှိတာဝန်ယူနေတဲ့ စထရာဘော့အသင်းဟာ ချဲလ်ဆီးကို ဝယ်ယူထားတဲ့ BlueCo ကုမ္ပဏီပိုင် အသင်းလည်း ဖြစ်ပါတယ်။ အသက် ၄၁ နှစ်အရွယ် ဟူးလ်စီးတီး နည်းပြဟောင်းဟာ ချဲလ်ဆီးအသင်းရဲ့တာဝန်ရှိသူတွေကြားမှာ အခိုင်အမာ ထောက်ခံမှု ရရှိထားပြီး သူထွက်ခွာသွားရင် စထရာဘော့မှာ အစားထိုးဖို့ နည်းပြတွေကိုတောင် စတင်ရှာဖွေနေပြီလို့ ဆိုပါတယ်။ 

ပေါ်တိုအသင်းက ဖရန်ဆက်စကိုဖာရီယိုလီကိုလည်း စဉ်းစားစရာနည်းပြတစ်ဦးအဖြစ် သတ်မှတ်ထားကြပါတယ်။  ၂၀၂၄ ခုနှစ်မှာ မာရက်စကာကို မခန့်အပ်ခင်တုန်းက ဒီဇာဘီ၊ ကီရန်မက္ကင်နာနဲ့ သောမတ်စ် ဖရန့်ခ်တို့ကို ချဲလ်ဆီးက အင်တာဗျူးခဲ့ဖူးပါတယ်။ ဘုန်းမောက်နည်းပြ အန်ဒိုနီအီရာအိုလာနဲ့ ဖူဟမ်နည်းပြ မာကိုဆေးလ်ဗားတို့လည်း အရင်က သတင်းထွက်ခဲ့ဖူးပေမဲ့ အခုတစ်ခေါက်မှာ ပါဝင်ခြင်း ရှိမရှိတော့ မသေချာသေးပါဘူး။ အသင်းရဲ့ ကစားဟန်ကို ပြောင်းလဲမှာ မဟုတ်တာကြောင့် ခရစ္စတယ်ပဲလေ့စ်နည်းပြ အိုလီဗာဂလက်စနာကို ခန့်အပ်ဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ။ 

တနင်္ဂနွေနေ့ကစားမယ့် မန်စီးတီးနဲ့ ပွဲစဉ်ကိုတော့ ယူ-၂၁ နည်းပြ ကလမ် မက်ဖာလိန်းက ဦးဆောင်သွားမှာဖြစ်ပြီး သောကြာနေ့ သတင်းစာရှင်းလင်းပွဲကိုလည်း သူပဲ တက်ရောက်သွားမယ်လို့ သိရပါတယ်။ ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ရဲ့ ဆိုရှယ်မီဒီယာပို့စ်အရ မာရက်စကာရဲ့ လက်ထောက်အဖွဲ့ဝင်တွေပါ အသင်းကနေ ထွက်ခွာသွားကြပြီလို့ သိရပါတယ်။