The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဖလားရဖို့ ဘိုင်ယန်မြူးနစ် ခက်ခက်ခဲခဲရုန်းကန်သွားရမယ်လို့ပြောကြားလာတဲ့ ဟယ်ရီကိန်း

ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင်ဟယ်ရီကိန်းက အသင်းအနေနဲ့ ပွဲစဉ်တွေအရမ်းများတာကြောင့် ယခုနှစ်ရာသီမှာ ချန်ပီယံလိဂ်ဆုဖလားကိုဆွတ်ခူးနိုင်ဖို့ ခက်ခက်ခဲခဲရုန်းကန်သွားရနိုင်တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘွန်ဒက်စ်လီဂါပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ် ဟယ်ရီကိန်းရဲ့သွင်းဂိုး ၂ ဂိုးအပါအဝင် ဟမ်းဘတ်ကို ၅-၀ နဲ့ဂိုးပြတ်အနိုင်ယူထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေကြောင်း သက်သေပြသခဲ့ပါတယ်။ ကိန်းအနေနဲ့လည်း ယခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ၈ ဂိုးအထိသွင်းယူပြီး ဂိုးမြူးနေတာကြောင့် ချဲလ်ဆီးနဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်အဖွင့်ပွဲမှာလည်း ဂိုးသွင်းနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

သို့သော်လည်း ဘိုင်ယန်မြူးနစ်အနေနဲ့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံကို အနိုင်ရဖို့ ခက်ခက်ခဲခဲရုန်းကန်သွားရနိုင်ပြီး ဆုဖလားအောင်မြင်မှုရရှိဖို့တော့ ပိုမိုခက်ခဲနိုင်တယ်လို့ ကိန်းကပြောကြားခဲ့ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်က "ကျွန်တော်ကတော့ ဆုဖလားအောင်မြင်မှုရရှိဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့မှာ လုံလောက်တဲ့လူစာရင်းလည်းရှိပါတယ်။ အဆုံးထိရောက်အောင်သွားနိုင်မယ့် လူစာရင်းရှိနေသလို၊ ပြိုင်ဘက်တွေကလည်း ဥရောပရဲ့အကောင်းဆုံးအသင်းတွေပါ" လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ အင်တာမီလန်ကိုအရေးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ကိန်းက ဒီရာသီမှာတော့ အသင်းအနေနဲ့ အခွင့်အရေးတွေကို အမိအရဆုပ်ကိုင်ပြီး မတူညီတဲ့အခြေအနေတွေကို ဖန်တီးသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

အင်္ဂလန်သားက "သောမတ်စ်တူချယ်လ်လက်ထက်မှာ အသင်းက ဆုဖလားနဲ့နီးစပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ မနှစ်က အင်တာမီလန်ကိုရှုံးပြီး ပြိုင်ပွဲကနေထွက်ရချိန်မှာ အသင်းက ဒီလောက်ထိပဲ လုပ်နိုင်တယ်လို့ ခံစားခဲ့ရပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့ ယုံကြည်ချက်ပြင်းထန်နေပြီး နောက်ဆုံးအချိန်အထိ အကောင်းဆုံးလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ အယ်ဖွန်ဆိုဒေဗီးစ်နဲ့ ယာမယ်လ်မူစီယာလာတို့က ဒဏ်ရာပြဿနာတွေကိုယ်စီကြုံတွေ့ထားရတာကြောင့် လက်ရှိအသင်းရဲ့တိုက်စစ်ဟာ ကိန်းရဲ့ပခုံးပေါ်မှာကျရောက်နေပြီး အင်္ဂလန်ကြယ်ပွင့်အနေနဲ့ ချဲလ်ဆီးနဲ့ပွဲမှာ ဘယ်လောက်အထိ စွမ်း‌ဆောင်သွားနိုင်မလဲ စောင့်ကြည့်ရပါမယ်။