ရီးရဲလ်မက်ဒရစ်နဲ့ချိတ်ဆက်နေတဲ့ ကောလာဟလတွေကို နှစ်ပတ်ဆက်တိုက်တုံ့ပြန်လိုက်တဲ့ ယာဂန်ကလော့ပ်
ဇာဘီအလွန်ဆိုထုတ်ပယ်ခံရပြီးနောက် ဒေါ့မွန်နဲ့လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်က ရီးရဲလ်မက်ဒရစ်နဲ့ ချိတ်ဆက်ထားတဲ့ကောလာဟလတွေကို သီတင်းပတ်နှစ်ပတ်ဆက်ဆိုက် တုံ့ပြန်လာခဲ့ပါတယ်။ ဂျာမန်သားက လာမယ့်နွေရာသီ၊ အာဘီလိုအာထွက်ခွာမယ်ဆိုရင် ရီးရဲလ်မက်ဒရစ်ရဲ့စိတ်ဝင်စားနိုင်တဲ့ နည်းပြတွေအနက် တစ်ဦးအဖြစ် ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာလည်း ယာဂန်ကလော့ပ်က စပိန်ဘီလူးကြီးတွေနဲ့ချိတ်ဆက်ထားတဲ့ ကောလာဟလတွေကို ပယ်ချခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘာနေဗျူးဆိုတာ ကလော့ပ်ကိုယ်တိုင် တံခါးဖွင့်ကြိုဆိုပေးမယ့် အလုပ်နှစ်ခုအနက် တစ်ခုဖြစ်တယ်လို့ ယူဆရပါတယ်။ အလားတူ တဖက်မှာလည်း ရီးရဲလ်မက်ဒရစ်က နွေရာသီကာလ၊ ရွေးချယ်စရာတစ်ခုအဖြစ် ယာဂန်ကလော့ပ်ကို သေချာပေါက်စိတ်ဝင်စားနေပြီး နည်းပြဘဝဆီပြန်လာအောင်ဆွဲဆောင်ဖို့ ကြိုးစားနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအတွက် အလွန်ဆိုတာဝန်မယူခင်ကာလကတည်းက ယာဂန်ကလော့ပ်ဟာ ဒီတာဝန်အတွက် ရေပန်းစားသူတွေအနက် တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။
လက်ရှိ Red Bull အုပ်စုရဲ့ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲတာဝန်ယူထားတဲ့ ယာဂန်ကလော့ပ်က အလွန်ဆိုထွက်ခွာသွားတဲ့သတင်းတွေအပေါ် ဘယ်လိုတုံ့ပြန်မိခဲ့သလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။
သူက “ အလွန်ဆိုအကြောင်း ကြားလိုက်ရချိန်၊ ကျွန်တော်လည်း အတော်လေးရှုပ်ထွေးသွားခဲ့ပါတယ်။ အမှန်ပါပဲ၊ ကျွန်တော် အံ့သြသွားပါတယ်။ နောက်တော့ မအံ့သြမိတော့ပါဘူး။ ‘ဘာလဲဟ’လို့တော့ တွေးလိုက်မိပါတယ်။ နောက်တော့ ‘ဟုတ်ပါတယ်လေ၊ မက်ဒရစ်ဆိုတာ ဇယားထိပ်မှာမရှိတော့ဘူးဆိုရင် ဒီလိုဆုံးဖြတ်ချက်တွေ အမြဲတမ်းချတတ်တာပဲ’လို့ ရေရွတ်မိပါတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ယာဂန်ကလော့ပ်က လက်ရှိရာထူးတာဝန်နဲ့ပတ်သက်လို့ အပြည့်အဝကျေနပ်မိတယ်လို့ ပြောပါတယ်။ ဂျာမန်သားက “ ကျွန်တော့်ဘဝအခြေအနေနဲ့ လုံးဝကိုက်ညီတဲ့ အချိန်တစ်ခုမှာ ရောက်ရှိနေပါပြီ။ တခြားဘယ်နေရာကိုမှ မသွားချင်ပါဘူး။ မက်ဒရစ်က ကျွန်တော့်ကို စိတ်ဝင်စားနေတယ်လို့ ကြားသိရတယ်ဆိုရင်တောင်၊ တကယ်တမ်းအဲ့ဒီလိုမျိုးဖြစ်နေတယ်ဆိုရင်တောင် ကျွန်တော် စိတ်မလှုပ်ရှားမိပါဘူး။ ဒါတွေဟာ မီဒီယာတွေရဲ့ထင်ကြေးပေးမှုသက်သက်ပါပဲ”လို့ ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြတာဝန်ယူဖို့ကိစ္စကို ယာဂန်ကလော့ပ်က အပြတ်အသတ်ငြင်းဆန်နေပေမယ့် ကွင်းဘေးစည်းမှာရှိနေရတဲ့ဘဝဆီ လုံးဝပြန်မလာဘူးလို့တော့ ယတိပြတ်မငြင်းဆိုပါဘူး။ ယာဂန်ကလော့ပ်က “ အခုအချိန်မှာတော့ No လို့ပဲ ပြောပါရစေ။ ဒါပေမဲ့ ဘယ်တော့မှပြန်မလာတော့ဘူးလို့ မပြောနိုင်ပါဘူး။ ကျွန်တော့်ရဲ့စိတ် ပြောင်းလဲသွားမယ်လို့လည်း မထင်မြင်မိပါဘူး။ ဒါပေမဲ့ ကျွန်တော်လည်း မသိသေးပါဘူး”လို့ ရှင်းပြပါတယ်။
သူ့အပေါ်စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ရစ်အသင်းကို ရည်ညွှန်းပြီးတော့ ယာဂန်ကလော့ပ်က လက်တွေ့ကျတဲ့ရွေးချယ်မှုတစ်ခုကို အာရုံစိုက်သင့်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဒေါ့မွန်နဲ့လီဗာပူးနည်းပြဟောင်းက “ နည်းပြတစ်ဦးကို ရာထူးမှထုတ်ပယ်မယ်ဆိုရင် သူ့ရဲ့နေရာမှာ ဘယ်သူဆက်ခံမလဲဆိုတာကို ကြိုတင်စဉ်းစားထားဖို့ အကြံပြုချင်ပါတယ်။ လက်တွေ့ကျတဲ့အရာမျိုး ဖြစ်သင့်ပါတယ်။ ဒီအချိန်မှာ ပက်ဂွါဒီယိုလာကိုခေါ်ယူမယ်လို့ တွေးထားတယ်ဆိုရင် အခွင့်အလမ်းသိပ်မရှိနိုင်ဘူးလို့ ထင်ပါတယ်”လို့ ပြောပါတယ်။
အလွန်ဆိုထုတ်ပယ်ခံရပြီးနောက် စိတ်ဝင်စားစရာအကောင်းဆုံးအချက်က ရှင်းလင်းပြတ်သားတဲ့ရွေးချယ်စရာ ပြတ်လပ်နေခြင်း ဖြစ်ပါတယ်။ အလွန်ဆိုတာ ဥရောပရဲ့အတောက်ပဆုံးနည်းပြတစ်ဦး ဖြစ်လာမယ်လို့ လူများစု လက်ခံထားကြပြီး ရှင်းလင်းပြတ်သားတဲ့ရွေးချယ်မှုတစ်ခုလို့ ယူဆရပါတယ်။ အာဘီလိုအာကိုတာဝန်ပေးမှုက လက်ရှိဈေးကွက်အတွင်း ရွေးချယ်စရာနည်းပါးနေမှုကို တုံ့ပြန်မှုဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်က နွေရာသီမှာ ယာဂန်ကလော့ပ်အပြင် ဘယ်သူ့ကိုပစ်မှတ်ထားဦးမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။