The network connection is lost.

Banner Image

ဂွါဒါလာဂျာရာနဲ့ပွဲမှာ ခြေစွမ်းပြသခဲ့တဲ့ နောက်ခံလူ ခရစ္စတန်ဆန်ကို ဖလစ်ချီးကျူး

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က ဂွါဒါလာဂျာရာနဲ့ယှဉ်ပြိုင်ခဲ့တဲ့ စပိန်ကိုပါဒယ်ရေးဖလားပွဲစဉ်မှာ ခြေစွမ်းပြသခဲ့သလို၊ အသင်းအတွက်ဦးဆောင်ဂိုးကိုလည်းသွင်းယူပေးနိုင်ခဲ့တဲ့ နောက်ခံလူ အန်ဒရီယာခရစ္စတန်ဆန်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ဘာစီလိုနာဟာ ခရစ္စတန်ဆန်၊ မားကပ်စ်ရက်ရှ်ဖို့ဒ်တို့ရဲ့သွင်းဂိုးတွေနဲ့ ဂွါဒါလာဂျာရာကို ၀-၂ နဲ့သက်တောင့်သက်သာအနိုင်ရခဲ့ပြီး နောက်တစ်ဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ ယခုပွဲစဉ်မှာ အသာစီးကနေကစားနိုင်ခဲ့ပေမယ့် ဂိုးသွင်းနိုင်ဖို့အတွက် အတော်လေးရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်း ၇၆ မိနစ်မှသာ ခရစ္စတန်ဆန်ရဲ့ဂိုးနဲ့ ပွဲကို စတင်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒိန်းမတ်လက်ရွေးစင် ခရစ္စတန်ဆန်အနေနဲ့ ယခုရာသီမှာ ဘာစီလိုနာအတွက် ပုံမှန်ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ယခုဂွါဒါလာဂျာရာနဲ့ပွဲစဉ်မှာတော့ ပွဲထွက်ခွင့်ကို အမိအရဆုပ်ကိုင်ကာ အသင်းအတွက်ဂိုးသွင်းယူပြီး ဟန်ဆီဖလစ်ကိုအထင်ကြီးစေခဲ့ပါတယ်။ 

ကစားသမားဟာ တိုက်စစ်မှာဂိုးသွင်းယူပေးနိုင်ခဲ့ရုံသာမက ခံစစ်မှာလည်း အထူးခြေစွမ်းပြသခဲ့တာကြောင့် ပြိုင်ဘက်တိုက်စစ်ကိုထိန်းချုပ်ပြီး ဂိုးမပေးရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ နည်းပြဟန်ဆီဖလစ်က အသင်းမှာ လူသိနည်းသလို၊ မီဒီယာတွေသတိမထားမိတတ်ကြတဲ့ နောက်တန်းကစားသမားကို ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 

ဂျာမန်သားနည်းပြက "အန်ဒရီယာခရစ္စတန်ဆန်က ဒီနေ့မှာ အံ့အားသင့်လောက်စရာခြေစွမ်းနဲ့ အရမ်းကောင်းတဲ့ပွဲတစ်ပွဲကိုကစားနိုင်ခဲ့ပါတယ်။ ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် ခံစစ်မှာလည်းသူက အကောင်းမွန်ဆုံး ခြေစွမ်းပြခဲ့ပါတယ်" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။ 

ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေခဲ့ရတဲ့ ဒိန်းမတ်သားဟာ ယခုအခါမှာတော့ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်သလို အရေးပါတဲ့ ကိုပါဒယ်ရေးပွဲစဉ်မှာလည်း ဂိုးသွင်းယူနိုင်ခဲ့လို့ ဖလစ်အတွက် အားကိုးရတဲ့နောက်တန်းတစ်ယောက်အဖြစ် ဘာစီလိုနာရဲ့ နောက်ပွဲတွေမှာ ဆက်လက်ပါဝင်လာဖွယ်ရှိပါတယ်။