The network connection is lost.

Banner Image

စလိုဗက်ကီးယားကို အံ့အားသင့်ဖွယ် ရှုံးနိမ့်မှုအပေါ် ဝေဖန်လိုက်တဲ့ ဂျာမနီအသင်းရဲ့ ခံစစ်မှူး ကင်မစ်ချ်

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ စလိုဗက်ကီးယားကို ၂-၀ ဂိုးနဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ဂျာမနီအသင်းရဲ့ ‘စိတ်ဓာတ်’အပေါ် ဂျိုရှူအာ ကင်မစ်ချ်က ဝေဖန်ခဲ့ပါတယ်။

ဂျာမနီအသင်းခေါင်းဆောင် ကင်မစ်ချ်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ အင်အားကြီး ဥရောပအသင်းကြီးအဖြစ် ပထမဆုံးအကြိမ် အိမ်ကွင်းရှုံးပွဲ ပေးလိုက်ရပြီးတဲ့နောက်မှာ အသင်းမှာ ‘သတ္တိ၊ ယုံကြည်မှုနဲ့ စိတ်ဓာတ်’တွေ ကင်းမဲ့နေတာကို ဝန်ခံဖို့ တုံ့ဆိုင်းမနေခဲ့ပါဘူး။ အဝတ်လဲခန်းထဲမှာ စည်းလုံးမှု မရှိဘူးဆိုတာကိုတော့ ငြင်းဆိုခဲ့ပြီး ဂျာမနီအသင်းရဲ့ လတ်တလော ခြေစွမ်းမတည်ငြိမ်မှုဟာ နည်းပြအဖွဲ့ရဲ့ နည်းစနစ်ပိုင်းကြောင့် မဟုတ်ဘဲ ‘စိတ်ဓာတ်ပိုင်းဆိုင်ရာ သက်သက်သာဖြစ်ပါတယ်’ လို့ ရှင်းပြခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ဒဏ်ရာရနေတဲ့ ဂျာမန် မူစီယာလာ မပါဝင်ခဲ့ပေမယ့် အားအပြည့်နဲ့ လူစာရင်းကို ထုတ်သုံးခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ရှင်တွေ သွင်းယူသွားခဲ့တဲ့ ဂိုး ၂ ဂိုးစလုံးက ဂျာမန်တို့ရဲ့ အားနည်းချက်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ပထမဆုံးဂိုးမှာ ဖလော်ရီယန် ဝါ့ဇ်ကို လွယ်လွယ်ကူကူ ဘောလုံးလုယူသွားပြီးနောက် စလိုဗက်ကီးယားက နေရာလွတ်တွေကို အခွင့်ကောင်းယူကာ အရှိန်အဟုန်နဲ့ တိုက်စစ်ဆင်ခဲ့တာကြောင့် နည်းပြ နာဂယ်စ်မန်းရဲ့အသင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ ဒုတိယဂိုးကတော့ တကယ့်ကို အံ့မခန်းသွင်းဂိုးဖြစ်ပြီး ဒါဗစ် စထရီလက်က အန်တိုနီယို ရူဒီဂါလို နာမည်ကြီး နောက်ခံလူကို လွယ်လွယ်ကူကူ ကျော်ဖြတ်ပြီး သွင်းယူသွားတာပဲ ဖြစ်ပါတယ်။

ရှုံးနိမ့်မှုအပြီး မီဒီယာတွေကို ပြောကြားရာမှာ ကင်မစ်ချ်က ‘ကျွန်တော်တို့မှာ သတ္တိ၊ စိတ်အားထက်သန်မှုနဲ့ ရန်လိုမှုတွေကို ဘယ်နေရာမှ မမြင်ခဲ့ရပါဘူး။ ကျွန်တော်တို့ ပွဲကို ဘယ်လိုစတင်ခဲ့တယ်ဆိုတာကို ထည့်တွင်းစဉ်းစားကြည့်ရင် တစ်မိနစ်အကြာမှာ ထောင့်ကန်ဘောနဲ့ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးရှိခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲ့ဒီအရာတွေအားလုံး ကျွန်တော်တို့မှာ ကင်းမဲ့နေခဲ့တယ်လို့ ပြောရမှာပါ။ ကျွန်တော်တို့ဟာ ကစားပုံ၊ နည်းစနစ်၊ နောက်တန်း ၄ ယောက် ဒါမှမဟုတ် ၃ ယောက်ထားတာနဲ့ ပတ်သက်လို့ စကားပြောနေစရာ မလိုပါဘူး။ ဒါက စိတ်ဓာတ်ပိုင်းဆိုင်ရာ သက်သက်သာဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ လတ်တလောပွဲစဉ်တွေမှာလည်း ပြဿနာဖြစ်နေခဲ့ပါတယ်’ လို့ ပြောခဲ့ပါတယ်။

သူတို့ရဲ့ အားနည်းချက်တွေကို အသင်းအနေနဲ့ ပြုပြင်နိုင်ခြင်းမရှိရင် လာမယ့်နှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ ကျရှုံးလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ ‘ကွင်းထဲမှာ ပိုပြီး အလွယ်တကူ ကစားနိုင်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် အကူအညီပေးတာကို လုပ်ဆောင်နိုင်အောင် စီမံရပါမယ်။ အခုအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်နေတာက မှန်ကန်တဲ့ ချဉ်းကပ်ပုံလို့ မထင်ပါဘူး။ ကျွန်တော်တို့ အားလုံး အဝတ်လဲခန်းထဲမှာ ထိုင်နေကြပြီးတော့ ဒီပွဲက ကျွန်တော်တို့ တစ်ယောက်ချင်းစီဆီက တကယ့်ကို အလွန်ဆိုးရွားတဲ့ ကစားပွဲဖြစ်ခဲ့တယ်ဆိုတာကို သိပါတယ်။ သူတစ်ပါးကို လက်ညှိုးထိုးတာမျိုး မဟုတ်ဘဲနဲ့ ဒီနေ့ကစားပုံက မလုံလောက်ဘူးဆိုတာကို လူတိုင်းသိပြီး ၃ ရက်အတွင်းမှာ ပိုပြီး ကောင်းအောင်လုပ်ဆောင်နိုင်မယ့် အခွင့်အရေးရှိပါတယ်’

‘ကျွန်တော် အရင်ကတည်းက ပြောခဲ့ပါတယ်။ ကျွန်တော်တို့ဟာ သတ္တိရှိဖို့၊ ယုံကြည်မှုရှိဖို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့နဲ့ ကျွန်တော်တို့ရဲ့ အရည်အချင်းတွေကို ယုံကြည်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ အရည်အချင်းတစ်မျိုးတည်းက သီအိုရီအရသာ ဖြစ်နိုင်ချေရှိတဲ့ အရာတွေပါ။ ကျွန်တော်တို့ဟာ အဲဒီအရည်အချင်းတွေကို ကွင်းထဲမှာ ပြသဖို့ လိုအပ်ပြီး၊ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးပေးရပါမယ်။ လူတိုင်း စိတ်အားထက်သန်နေပြီး၊ လူတိုင်းမှာ ဆန္ဒရှိနေပြီး၊ ဘာတွေ အရေးကြီးသလဲဆိုတာကို လူတိုင်း ခံစားနေရမယ့် စိတ်ဓာတ်နဲ့ ကစားရပါမယ်’ လို့ ကင်မစ်ချ်က ပြောကြားခဲ့ပါတယ်။

ဂျာမန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အန္တရာယ် မဖြစ်စေချင်ဘူးဆိုရင်တော့ အနိုင်ရတဲ့ပုံစံကို ပြန်လည်ရယူဖို့ လိုအပ်နေပါတယ်။ သူတို့ဟာ လာမယ့် တနင်္ဂနွေနေ့မှာ မြောက်အိုင်ယာလန်ကို အိမ်ရှင်အဖြစ် လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။