
ဘုန်းမောက်နဲ့ပွဲမှာ ဟီးရိုးဖြစ်ခဲ့ပြီးနောက် အန်ဖီးလ်မှာ ဆက်နေဖို့များလာတဲ့ လီဗာပူးစတား
ဘုန်းမောက်ကို ၄-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟီးရိုးဖြစ်ခဲ့တဲ့ လီဗာပူးတောင်ပံကစားသမား ချီယေဆာတစ်ယောက် အသင်းမှာဆက်နေဖွယ်ရှိနေတယ်လို့ သိရပါတယ်။
အီတလီသားဟာ ကနဦးတုန်းက အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ထားခဲ့ပေမယ့်လည်း အခုချိန်မှာတော့ အသင်းပြောင်းမယ့်ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ အန်ဖီးလ်မှာ ဘုန်းမောက်ကို ၂ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမိနစ်တွေမှာ ဘုန်းမောက်ရဲ့ချေပဂိုးတွေကြောင့် ၂-၂ သရေကျနေခဲ့ပါတယ်။
အဲ့နောက် အသက် ၂၇ နှစ်သား ချီယေဆာက လီဗာပူးအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ စီးရီးအေကိုပြန်ဖို့ ချိတ်ဆက်ခံနေရပေမယ့်လည်း ချီယေဆာက ပွဲအပြီးမှာ အနာဂတ်နဲ့ပတ်သက်ပြီး အခုလိုမျိုးပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ လီဗာပူးနဲ့စကားပြောမှာပါ။ ဒါပေမယ့် အရိုးသားဆုံးပြောရရင် ကျွန်တော်ဒီမှာပျော်နေပါတယ်။ ကျွန်တော်ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတစ်သင်းမှာ ကစားနေရတာပါ။ ကျွန်တော်စောင့်ဆိုင်းပြီး အဆင်သင့်ဖြစ်နေအောင် လုပ်ထားပါတယ်။ ဒီနေ့မှာ အဲ့တာကိုကျွန်တော်သက်သေပြနိုင်ခဲ့ပါတယ်။ နည်းပြ ဘယ်နေရာမှာ ကျွန်တော့်ကိုထားထား ကျွန်တော်ကစားဖို့အသင့်ပါပဲ။ ကျွန်တော် ဒီကိုရောက်လာချိန်မှာ ခက်ခဲမှုတွေရှိခဲ့ပါတယ်။
ဘာလို့လဲဆိုတော့ ဒီနိုင်ငံကပွဲအရှိန်က ခြားနားတာကြောင့်ပါ။ တစ်နှစ်ကြာအပြီးမှာ ကျွန်တော်ပထမဆုံးပရီးမီးယားလိဂ်ဂိုးရခဲ့ပါပြီ။ နည်းပြက ကျွန်တော့်ကို အခွင့်အရေးပေးခဲ့သလို စကားလုံးတွေကလည်း ခွန်အားဖြစ်စေခဲ့ပါတယ်”လို့ ချီယေဆာက ဖြေကြားခဲ့ပါတယ်။
စလော့ကလည်း ပွဲအပြီးမှာ ချီယေဆာရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကို ချီးကျူးခဲ့ပြီး အသင်းမှာဆက်နေနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။
“ဒီမှာ သူရှိနေသရွှေ့ လီဗာပူးအသင်းကစားသမားဖြစ်နေမှာပါ။ ကျွန်တော်တစ်စုံတစ်ခုအပြောင်းအလဲဖြစ်မယ်ဆိုတာမျိုး မယုံကြည်ပါဘူး။ သူက ပြီးခဲ့တဲ့ရာသီတုန်းက ခက်ခဲတဲ့အချိန်တွေရှိခဲ့ပေမယ့် အခုတော့ အဆင်ပြေလာနေပါပြီ။
အာရှခရီးစဉ်ကိုလည်း ကံမကောင်းစွာနဲ့ သူလွဲချော်ခဲ့ပါတယ်။ ၂-၂ ဖြစ်နေချိန်မှာ သူ့ဂိုးက အသင်းအတွက် အရေးပါခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ပရိသတ်တွေက သူ့အတွက် သီချင်းသီဆိုပေးခဲ့ကြပါတယ်။ အဲ့တာက သူ့ကိုပြန်လာစေနိုင်ခဲ့တဲ့အချက်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ဒီနေ့မှာ သူအလုပ်နဲ့သက်သေပြခဲ့ပါတယ်”လို့ စလော့က ဖြေကြားခဲ့ပါတယ်။
ချီယေဆာဟာ လီဗာပူးအသင်းအကျီနဲ့အတူ နောက်ကျမိနစ်ဂိုးတွေကိုသာ သွင်းယူခဲ့တာဖြစ်ပြီး အခုဘုန်းမောက်နဲ့ပွဲကဂိုးအပါအဝင် ၃ ဂိုးစလုံးက ၈၈ မိနစ် နဲ့ နောက်ပိုင်းမိနစ်တွေမှာသာ သွင်းယူခဲ့တာဖြစ်ပါတယ်။