အန်းစလော့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အတွင်းသတင်းတွေ သိရှိထားတယ်လို့ လီဗာပူးကွင်းလယ်လူဟောင်းပြောကြား
လီဗာပူးကွင်းလယ်လူဟောင်းဟားမန်းက အန်းစလော့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အတွင်းသတင်းတွေ သိရှိထားတယ်လို့ ပြောဆိုလိုက်ပြီး၊ အသင်းဘက်ကလည်း အန်းစလော့ကို အခုဘောလုံးရာသီပြီးဆုံးပြီးနောက် ဆက်လက်တာဝန်ပေးထားမလားဆိုတာကို ဆုံးဖြတ်ပြီးပြီလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
ရလဒ်ပိုင်းအတက်အကျများပြားနေတဲ့ ဘောလုံးရာသီတစ်ခုအတွင်း ပရိသတ်တွေအကြား ငြင်းခုံမှုတွေ ရှိနေပေမဲ့ လီဗာပူးအကြီးအကဲတွေကတော့ သူတို့ရဲ့ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချမှတ်ပြီးပြီလို့ ဟားမန်းက ယုံကြည်နေပါတယ်။
လက်ရှိမှာ အန်းစလော့ရဲ့လီဗာပူးအသင်းက နောက်ဆုံးသုံးပွဲဆက်အနိုင်ရရှိမှုနဲ့အတူ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၄ နေရာမှာ ရပ်တည်နေပေမဲ့ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာတော့ ကွာတားဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။
ဟားမန်းက "လာမယ့်ရာသီ၊ အသင်းမှာ အန်းစလော့ ဆက်ရှိနေလိမ့်မယ်လို့ ကျွန်တော် ကြားသိထားပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။
ဆက်လက်ပြီး သူက "နည်းပြအသစ်တစ်ဦး လဲသင့်တယ် ဒါမှမဟုတ် လဲခဲ့သင့်တယ်ဆိုတဲ့ ပြောစရာတွေ ရှိကောင်းရှိနိုင်ပေမဲ့ လီဗာပူးကတော့ သူတို့ရဲ့နည်းပြတွေအပေါ် အမြဲတမ်းသစ္စာရှိခဲ့တဲ့အသင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း သူက ပရီးမီးယားလိဂ်ဖလား ရယူပေးထားနိုင်ခဲ့လို့ အခုလိုဆက်ထားဖို့ ဆုံးဖြတ်တာကို ကျွန်တော် လက်ခံနိုင်သလို၊ ရာသီကုန်မှာ ရလဒ်ကောင်းကောင်းနဲ့ အဆုံးသတ်နိုင်မယ်ဆိုရင် ပရိသတ်အများစုလည်း လက်ခံနိုင်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။