The network connection is lost.

Banner Image

မန်စီးတီးမှထွက်ခွာပြီး စီးရီးအေသို့ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့ အကီ

မန်ချက်စတာစီးတီးအသင်းရဲ့ နောက်ခံလူ နေသန်အကီဟာ အသင်းမှာ ၆ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက်မှာတော့ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၃၁ နှစ်အရွယ် အကီဟာ ၂၀၂၀ ပြည့်နှစ်မှာ ဘုန်းမောက်အသင်းကနေ ယူရို ၄၅ သန်းနဲ့ မန်စီးတီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် စုစုပေါင်း ၁၇၄ ပွဲအထိ ကစားပေးခဲ့သူပါ။

ဒါပေမဲ့ ဒီရာသီမှာတော့ သူ ကစားရတဲ့ မိနစ်တွေ သိသိသာသာ လျော့နည်းလာခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၅ ပွဲပဲ ပွဲထွက်ကစားခွင့် ရခဲ့သလို ပြိုင်ပွဲစုံ ၁၅ ပွဲမှာ စုစုပေါင်း မိနစ် ၄၈၉ မိနစ်သာ ကစားခဲ့ရပါတယ်။ အခုလို ကစားခွင့် နည်းပါးလာတာကြောင့် အကီအနေနဲ့ အသင်းကနေ ထွက်ခွာဖို့ ဖြစ်နိုင်ခြေများနေတယ်လို့ ဒတ်ချ်သတင်းဌာနဖြစ်တဲ့ Voetbal International က ဖော်ပြထားပါတယ်။

နယ်သာလန်လက်ရွေးစင်အသင်းအတွက် ၅၅ ပွဲ ကစားပေးထားတဲ့ အကီဟာ အီတလီစီးရီးအေကို ပြောင်းရွှေ့ဖို့ ပစ်မှတ်ထားနေပြီး မီလန်၊ ဂျူဗင်တပ်စ်နဲ့ ရိုးမားအသင်းတို့ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

ဒတ်ချ်ချန်ပီယံ PSV အသင်းကလည်း အကီကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပေမဲ့ သူဟာ နယ်သာလန်လိဂ်ကို ပြန်သွားဖို့ ဖြစ်နိုင်ခြေကတော့ အလွန်ကို နည်းပါးနေပါတယ်။ မန်စီးတီးမှာ ၆ နှစ်ကြာ ဖြတ်သန်းခဲ့စဉ်အတွင်း အကီဟာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၁ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။