အင်္ဂလန်ဒါဘီရှုံးပွဲအပြီး တိုးတက်ဖို့လိုအပ်နေတဲ့အရာတွေကို ရှင်းရှင်းလင်းလင်း သိလိုက်ရပြီလို့ လီဗာပူးနည်းပြအန်းစလော့ ပြောကြား
ယမန်နေ့(တနင်္ဂနွေနေ့)ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးနည်းပြအန်းစလော့က အသင်းအတွက် တိုးတက်အောင်လုပ်ဆောင်ရမယ့် လိုအပ်နေတဲ့အရာတွေကို ရှင်းရှင်းလင်းလင်းသိလိုက်ရပြီလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
အိုးထရက်ဖို့ဒ်ကွင်းပွဲစဉ်မှာ လီဗာပူးအသင်းက နှစ်ဂိုးပြတ်ရှုံးနိမ့်နေရာမှ နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ မိုင်နူးရဲ့ပွဲချိန် ၇၇ မိနစ် သွင်းဂိုးကြောင့် အရေးနိမ့်သွားခဲ့ပါတယ်။
ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ အန်းစလော့က သူ့ရဲ့အသင်း အကောင်းဆုံးပုံစံပြန်ရဖို့အတွက် အများကြီးလိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
"သူတို့ရဲ့အားသာချက်တွေကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ သူတို့က တည်ကန်ဘောတွေနဲ့ တန်ပြန်တိုက်စစ်တွေမှာ ကောင်းမွန်တယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ကစားတဲ့အခါ ဘယ်နေရာမှာမှ ဘောလုံးအဆုံးရှုံးခံလို့ မရဘူးဆိုတာ သိထားဖို့ လိုပါတယ်" လို့ သူက ပြောပါတယ်။
"ကွင်းလယ်ပိုင်းမှာ ဘောလုံးကစားချိန် သူတို့ရဲ့ကစားပုံ အရမ်းအားကောင်းပါတယ်။ သူတို့ဆီမှာ မြန်ဆန်တဲ့ ကစားသမားတွေ အများကြီးရှိသလို ကစားကွက်အကူးအပြောင်းတွေမှာ ဒုက္ခပေးနိုင်တဲ့ ဘရူနိုဖာနန်ဒက်စ်လည်း ရှိပါတယ်။ ဒုတိယဂိုးမှာ အဲ့ဒီအတိုင်းပဲ ဖြစ်သွားခဲ့တာပါ။ အဲ့ဒါက ဖြစ်တတ်တဲ့ သဘာဝပါပဲ။ ကျွန်တော်တို့ နှစ်ဂိုးပြတ်ရှုံးနေရာမှ ဒုတိယပိုင်းမှာ နှစ်ဂိုးစီဖြစ်အောင် ပြန်ကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ အာရုံစိုက်မှုခဏလေးလွတ်သွားတဲ့အချိန်မှာပဲ နောက်ထပ်တစ်ဂိုး ချက်ချင်းထပ်ပေးလိုက်ရတယ်" ဟု အန်းစလော့က ရှင်းပြခဲ့ပါတယ်။
လာမယ့်ရာသီအတွက် ပြင်ဆင်ရမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး "အခုလိုပွဲမျိုးတွေကို အနိုင်ရဖို့အတွက် ကျွန်တော်တို့မှာ လိုအပ်ချက်နည်းနည်းပဲ ရှိတော့တာပါ။ ဘယ်အချက်တွေကို တိုးတက်အောင် လုပ်ရမလဲဆိုတာ ကျွန်တော် သိပါတယ်၊ အဲ့ဒီအတွက်လည်း အပြင်းအထန်ကြိုးစားနေပါပြီ။ ဒီလို ပြဿနာမျိုးတွေပဲ ထပ်ခါထပ်ခါဖြစ်နေတာ သိပ်တော့မဆန်းပါဘူး၊ ဘာလို့လဲဆိုတော့ ရာသီဝက်အတွင်းမှာ ဒါတွေကိုပြုပြင်ဖို့ အချိန်အများကြီးမရလို့ပါပဲ။ နည်းဗျူဟာပိုင်းအရ အချို့အရာတွေကို ပြောင်းလဲနိုင်ပေမဲ့ ကျွန်တော်တို့တိုးတက်အောင်လုပ်ဖို့ လိုအပ်တယ်ဆိုတာကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ သေချာပေါက် တိုးတက်အောင် လုပ်သွားပါမယ်" လို့ ၎င်းက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။