The network connection is lost.

Banner Image

လက်သင့်မခံနိုင်စရာဘောလုံးရာသီမျိုး နောက်တစ်ကြိမ်မဖြစ်စေရဘူးလို့ ဗန်ဒိုက်ကတိပေး

လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က အသင်းရဲ့ ဆိုးရွားလှတဲ့ ဘောလုံးရာသီအခြေအနေနဲ့ အသင်းဖော်တွေရဲ့ ပြည်ပခရီးစဉ်မကြာခဏသွားလာနေမှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့၊ အင်္ဂလန်ဒါဘီပွဲစဉ်အပြီး လီဗာပူးက ၂၀၁၅-၂၀၁၆ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို နှစ်ကျော့လုံးရှုံးနိမ့်ခဲ့သလို နည်းပြအန်းစလော့အတွက်လည်း အခုဘောလုံးရာသီရဲ့ ၁၁ ကြိမ်မြောက်လိဂ်ရှုံးပွဲကို ကြုံတွေ့ခဲ့ရပါတယ်။

လက်ရှိမှာ လီဗာပူးက ပြိုင်ပွဲအရပ်ရပ်မှထွက်ခွာလာရပြီးဖြစ်သလို ပရီမီးယားလိဂ်မှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာရရှိဖို့ ဦးတည်ကြိုးပမ်းနေပါတယ်။

တနင်္ဂနွေနေ့ရှုံးပွဲအပြီး ဗန်ဒိုက်က အခုဘောလုံးရာသီမှာ လုံလောက်တဲ့စွမ်းဆောင်ရည်မျိုး မရှိခဲ့ဘူးလို့ ပရိသတ်တွေဆီ ဝန်ခံခဲ့ပါတယ်။

"ကျွန်တော် ဆင်ခြေပေးဖို့ ဒီကိုရောက်နေတာ မဟုတ်ပါဘူး။ ဒါ ကျွန်တော်တို့အတွက် အရမ်းကို စိတ်ပျက်စရာကောင်းပြီး လက်သင့်ခံနိုင်စရာမရှိတဲ့ ဘောလုံးရာသီတစ်ခုပါပဲ၊ တကယ်ကို ခက်ခဲပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအကြောင်းပြချက်နဲ့မှ သနားနေစရာ မလိုပါဘူး။ ကျွန်တော်တို့ အလုပ်ကြိုးစားရမယ်၊ ဒီအခြေအနေကို ပြောင်းလဲရမယ်၊ ပြီးတော့ နောက်ရာသီမှာ ဒါမျိုးတွေ ထပ်မဖြစ်အောင် သေချာပြင်ဆင်ရပါမယ်။ ဘာလို့လဲဆိုတော့ ဒါက လီဗာပူးရဲ့ပုံစံမဟုတ်လို့ပါပဲ" လို့ နယ်သာလန်လက်ရွေးစင်နောက်ခံလူက ဆိုပါတယ်။

မက်အယ်လစ္စတာအပါအဝင် လီဗာပူးကစားသမားအများအပြားက အခုဘောလုံးရာသီ၊ ပွဲကြီးပွဲကောင်းတွေမတိုင်ခင် ပြည်ပခရီးစဉ်ထွက်ခွာလေ့ရှိတာကို ဓါတ်ပုံတွေထဲမှာ မြင်တွေ့ရလေ့ရှိပါတယ်။ ဒီအပေါ်မှာတော့ ကစားသမားတွေအတွက်လည်း အနားယူချိန် လိုအပ်တယ်လို့ ဗန်ဒိုက်က ကာကွယ်ပြောဆိုခဲ့ပါတယ်။

"ဒါ အားလပ်ရက်ခရီးစဉ်(Holiday)လားဆိုတာ ကျွန်တော်သေချာမသိပါဘူး။ မြို့ထဲ လည်ပတ်တာမျိုး (City trip) ပါပဲ။ ဒါပေမဲ့ နားရက် သိပ်မရှိတဲ့ကြားမှာပဲ တစ်ရက်လောက် အားလပ်ရက်ရမယ်ဆိုရင် သူတို့မိသားစုတွေနဲ့ ဘာလုပ်မယ်ဆိုတာ သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါလိမ့်မယ်။ ကျွန်တော်တို့က ကလေးတွေမှ မဟုတ်တာ၊ အားလုံးက လူကြီးတွေပဲလေ" လို့ သူက ရှင်းပြခဲ့ပါတယ်။

"တကယ်တော့ အပေးအယူမျှဖို့ လိုအပ်လို့ တစ်ခါတလေမှာ ကျွန်တော်တို့လည်း နားရက်နှစ်ရက်လောက် ပိုရချင်ပါသေးတယ်။ ဥပမာ- ပက်ဂွာဒီယိုလာဆိုရင် မန်စီးတီးကစားသမားတွေကို ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ သုံးရက်ဆက်တိုက်လောက် အနားပေးခဲ့ပါတယ်၊ သူတို့လည်း အကောင်းဆုံး စွမ်းဆောင်နိုင်နေတာပဲ။ ဒါက မှန်ကန်တဲ့ဟန်ချက်တစ်ခုကို ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်ပါတယ်" လို့ ပြောပါတယ်။

အခုဆိုရင် လီဗာပူးအသင်းက ပြိုင်ပွဲစုံ ၁၈ ပွဲအထိ ရှုံးနိမ့်ထားပြီး ဒါက ၂၀၁၄-၂၀၁၅ ဘောလုံးရာသီနောက်ပိုင်း အဆိုးရွားဆုံးမှတ်တမ်းလည်း ဖြစ်နေပါတယ်။ ရာသီကုန်ဖို့ ရက်သတ္တပတ်အနည်းငယ်သာ လိုတော့ချိန် ကစားသမားတွေကိုယ်တိုင် လေ့ကျင့်ခန်းပိုဆင်းပြီး ခြေစွမ်းတိုးတက်အောင်လုပ်မယ့်အစား ဥရောပနိုင်ငံတွေဆီ ခရီးထွက်နေမှုကို ပရိသတ်တွေ စိတ်ပျက်နေကြပါတယ်။