The network connection is lost.

Banner Image

အန်းစလော့နဲ့ပတ်သက်လို့ အမြင်ကွဲပြားပေမဲ့ နောက်ထပ်တစ်နှစ် ဆက်ရှိနေစေချင်တယ်လို့ ထုတ်ဖော်ကြားလာတဲ့ ဒစ်ဆင်

အာဆင်နယ်ဂန္ထဝင်ကစားသမားလီဒစ်ဆင်က လီဗာပူးနည်းပြအန်းစလော့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးလာပါတယ်။

မကြာသေးခင်သီတင်းပတ်တွေအတွင်း ဒတ်ချ်ထိပ်သီးကလပ်အေဂျက်ရဲ့စိတ်ဝင်စားမှု ရရှိထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဖိအားတွေတိုးလာပေမဲ့လည်း မာဆေးဆိုဒ်မှာ အန်းစလော့ ဆက်ရှိနေလိမ့်မယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အခုဘောလုံးရာသီမှာ လီဗာပူးအသင်းက စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ အားနည်းချက်တွေ သိသိသာသာပြသခဲ့လို့ အသင်းရဲ့ရေရှည်အနာဂတ်လမ်းကြောင်းအပေါ် ပရိသတ်အများအပြားက မေးခွန်းထုတ်နေကြပါတယ်။

လီဗာပူးအသင်းက လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အခြေအနေကောင်းနေပေမဲ့ ပြီးခဲ့တဲ့ရာသီ၊ ပရီးမီးယားလိဂ်ဖလားရယူပေးခဲ့တဲ့ အန်းစလော့က အခုဘောလုံးရာသီမှာ ဆုဖလားလက်မဲ့ဖြစ်ဖို့ သေချာသွားလို့ သူ့ရဲ့အနာဂတ်လည်း မသေချာမရေရာဖြစ်နေပါတယ်။

ဒါပေမဲ့ BOYLE Sports နဲ့တွေ့ဆုံခန်းမှာတော့ လီဒစ်ဆင်က အန်းစလော့ကိုယ်တိုင် သူ့အပေါ် သံသယရှိသူတွေ မှားယွင်းတယ်ဆိုတာ သက်သေပြဖို့အတွက် နောက်ထပ်တစ်ရာသီစာ အချိန်ထပ်ရသင့်တယ်လို့ ယုံကြည်နေပါတယ်။

"လီဗာပူးလိုအသင်းကြီးတစ်ခုမှာ ရှိနေချိန် ဖိအားဆိုတာကတော့ ပေးဆပ်ရမယ့် အဖိုးအခပါပဲ။ သူက အောင်မြင်မှုတွေ ရခဲ့ဖူးသူဆိုတော့ နောက်နှစ်မှာလည်း ဒီလိုမျိုးထပ်ဖြစ်လာဖို့ မျှော်လင့်ကြတယ်ဆိုတာ လူသားတွေရဲ့ သဘာဝပါပဲ။ ဒါပေမဲ့ ဒါက တကယ်ကို ခက်ခဲတဲ့အရာဆိုတာ ကျွန်တော်တို့ သိပါတယ်။ မန်စီးတီးတစ်ခုပဲ မကြာသေးခင်နှစ်တွေအတွင်းမှာ ချန်ပီယံဆုကို ဆက်တိုက်ထိန်းထားနိုင်တာပါ။ ကိုယ့်ကို အားလုံးက ပစ်မှတ်ထားနေချိန်မှာ ဒါက တကယ့်ကို ခက်ခဲလွန်းပါတယ်။"

"အထူးသဖြင့် ရာသီအစမှာ အမာခံကစားသမားတချို့ ထွက်သွားပြီး ကစားသမားသစ်လေးငါးဦးလောက် ပြန်ဝင်လာချိန် အသင်းအတွက် ဘာလို့အောင်မြင်မှုမရရှိသလဲဆိုတာနဲ့ပတ်သက်လို့ အချက်အလက်တွေ အများကြီး ရှိလာနိုင်ပါတယ်။"

"ဇာဘီအလွန်ဆိုရဲ့သတင်းတွေ နောက်ကွယ်မှာ ရှိနေပေမဲ့ အန်းစလော့အတွက် နောက်တစ်နှစ်တော့ ထပ်ပြီး ကိုင်တွယ်ခွင့်ရသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အသင်းကို ဖလားရအောင် လုပ်ပေးထားပြီးမှ ခုနက ကျွန်တော်ပြောခဲ့တဲ့ အကြောင်းရင်းတွေကြောင့် ဒီရာသီမှာ သိပ်မကောင်းတာနဲ့ ရာသီကုန်မှာ ထုတ်ပစ်လိုက်မယ်ဆိုတာ နည်းနည်း ရက်စက်ရာကျပါလိမ့်မယ်။ ဒါပေမဲ့ ဘောလုံးလောကကတော့ ခက်ခဲလွန်းတာပါပဲ" လို့ ၎င်းက ဆိုပါတယ်။

အန်းစလော့ရဲ့စာချုပ်က ၂၀၂၇ ခုနှစ်အထိ ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်သာ ရရှိရင် အသင်းဘုတ်အဖွဲ့က သူ့ကို ဆက်လက်ထောက်ခံသွားဖို့ ရှိပါတယ်။ အန်းစလော့ကလည်း နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းကို အသစ်ပြန်တည်ဆောက်သွားဖို့ ရည်မှန်းထားပါတယ်။