ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူထားတဲ့ ဇာဗီဆိုင်မွန်စ်ရဲ့အခြေအနေကို တော့တင်ဟမ်အသင်း အသိပေးလာ
ဝုဗ်နဲ့ပွဲစဉ်မှာ ပြင်းထန်ဒူးအရွတ်စုတ်ပြဲ(ACL) ဒဏ်ရာရရှိခဲ့တဲ့ ဇာဗီဆိုင်မွန်ကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပြီလို့ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်တော့တင်ဟမ်အသင်းက အတည်ပြုပြောကြားခဲ့ပါတယ်။
နယ်သာလန်လက်ရွေးစင်ကစားသမားဇာဗီဆိုင်မွန်က တန်းဆင်းသွားခဲ့ပြီဖြစ်တဲ့ ဝုဗ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်မှာ ဒိုဟာတီရဲ့ဖျက်ထုတ်မှုကြောင့် လဲကျသွားပြီး ဒဏ်ရာရရှိခဲ့လို့ လူစားလဲထွက်ခွာခဲ့ရပါတယ်။
ဒီလိုဒဏ်ရာရရှိပြီး သီတင်းတစ်ပတ်မပြည့်ခင်မှာပဲ ဆိုင်မွန်ကို ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီး အခုအခါမှာတော့ ကြံ့ခိုင်မှုပြန်လည်ကောင်းမွန်လာစေဖို့အတွက် စတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
"ခွဲစိတ်မှု အောင်မြင်သွားပါပြီ။ မင်းရဲ့ ပြန်လည်သက်သာလာမယ့် ခရီးစဉ်တစ်လျှောက်မှာ အသင်းက မင်းနဲ့အတူ အမြဲရှိနေပါလိမ့်မယ် ဇာဗီဆိုင်မွန်" လို့ အသင်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
စိတ်မကောင်းစရာတစ်ခုကတော့ ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်တို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို ပီအက်စ်ဂျီကြယ်ပွင့်ဟောင်း လွဲချော်မယ်ဆိုတာပဲ ဖြစ်ပါတယ်။