အနာဂတ်အတွက် အသင်းဥက္ကဋ္ဌဒီလော်ရန်းတစ်နဲ့ အရေးကြီးဆွေးနွေးမှုတွေ ပြုလုပ်မယ့် ကွန်တီ
အန်တိုနီယိုကွန်တီက အသင်းဥက္ကဋ္ဌဒီလော်ရန်းတစ်နဲ့ အရေးကြီးဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေလို့ နာပိုလီအသင်းမှာရှိတဲ့ သူ့ရဲ့ အနာဂတ်က စိတ်ဝင်စားစရာ ပြန်ဖြစ်လာပါတယ်။
အီတာလျံလူမျိုးနည်းပြက နေပယ်လ်မြို့မှာ ပျော်ရွှင်နေပေမဲ့ ရေရှည်ဆက်ရှိနေဖို့ကတော့ အသင်းရဲ့ အားကစားဆိုင်ရာဦးတည်ချက်တွေနဲ့ပတ်သက်ပြီး သဘောတူညီမှု ရ၊ မရ ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။
အလျှော့မပေးတတ်သူလို့ နာမည်ကြီးတဲ့ ချဲလ်ဆီးနည်းပြဟောင်းက စီနီယာအသင်းနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေမှာ ဘယ်သူမှ ဝင်ရောက်စွက်ဖက်မှုမရှိဘဲ အပြည့်အ၀စီမံခန့်ခွဲခွင့် ရရှိဖို့ လိုလားနေပါတယ်။
သတင်းတွေအရ ကွန်တီက အခုရာသီအစောပိုင်းမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို လူသိရှင်ကြား ဝေဖန်ခဲ့ပြီးနောက် အသင်းတာဝန်ရှိသူတွေရဲ့ထောက်ပံ့မှု အားနည်းတာ၊ ကတိပေးထားတဲ့ အခြေခံအဆောက်အအုံမြှင့်တင်ရေးလုပ်ငန်းတွေ အကောင်အထည် မဖော်သေးတာတွေကြောင့် စိတ်ပျက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လုပ်ပိုင်ခွင့်နယ်ပယ်တွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပေးမယ်ဆိုရင်တော့ ဒီပြဿနာတွေကို ကွန်တီက လျစ်လျူရှုပေးနိုင်ခြေ ရှိပါတယ်။
ဒါပေမဲ့ ဥက္ကဋ္ဌဒီလော်ရန်းတစ်မှာလည်း ကိုယ်ပိုင်စည်းကမ်းသတ်မှတ်ချက်တွေ ရှိနေပါတယ်။ သူက ကစားသမားတွေရဲ့လစာကုန်ကျစရိတ်ကို လျှော့ချချင်သလို၊ ချန်ပီယံလိဂ်ဝင်ခွင့် အမြဲတမ်းရရှိဖို့နဲ့ ဥရောပပြိုင်ပွဲတွေမှာ ပိုမိုတိုးတက်လာဖို့ကိုလည်း လိုလားနေပါတယ်။ ဒါ့အပြင် ဥက္ကဋ္ဌက လာမယ့်ဘောလုံးရာသီသစ်မတိုင်ခင် ကစားသမားသမားသစ်ငါးဦးခန့်ခေါ်ယူပြီး အသင်းကို အင်အားဖြည့်တင်းဖို့လည်း စီစဉ်နေပါတယ်။