
အာဆင်နယ်မှာ အာတီတာ အချိန်ရခဲ့သလိုမျိုး ယူနိုက်တက်မှာ သူရမှာမဟုတ်ဘူးလို့ဆိုတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က မီခေးလ်အာတီတာအနေနဲ့ အာဆင်နယ်မှာ အသင်းကို ပျိုးထောင်ဖို့အချိန်ရခဲ့ပေမယ့် သူကတော့ ယူနိုက်တက်မှာ အချိန်ရမှာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အသင်း ၂ သင်းဟာ အမှတ်ပေးဇယားအတွင်း ကွာဟချက်အလွန်ကြီးမားနေပါတယ်။ အာဆင်နယ်က အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာရပ်တည်ပြီး ချန်ပီယံဆုအတွက်မျှော်လင့်ချက်ရှိနေသေးပေမယ့် ယူနိုက်တက်ကတော့ အဆင့် ၁၄ နေရာမှာရပ်တည်နေကာ တန်းဆင်းဇုန်နဲ့နီးကပ်နေတာဖြစ်ပါတယ်။
အာတီတာဟာ အာဆင်နယ်သို့စတင်ရောက်ရှိချိန်က အသင်းကိုပျိုးထောင်ဖို့ရုန်းကန်ခဲ့ရပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာအထိရောက်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ ချန်ပီယံဆုကိုပါ ၂ နှစ်ဆက်တိုက်စိန်ခေါ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခုလိုအာတီတာ အာဆင်နယ်ကိုပျိုးထောင်နိုင်ခဲ့ခြင်းမှာ ကလပ်တာဝန်ရှိသူတွေရဲ့ စိတ်ရှည်မှုနဲ့ အချိန်ပေးမှုကြောင့်ဖြစ်တယ်လို့ အာမိုရင်က ယူဆနေပြီး သူ့အနေနဲ့ကတော့ ယူနိုက်တက်မှာ အဲဒီလိုအခွင့်အရေးရမှာမဟုတ်ဘူးလို့ဆိုပါတယ်။
အာမိုရင်က "ကျွန်တော့်အနေနဲ့ အာတီတာအချိန်ရခဲ့သလိုမျိုး ယူနိုက်တက်မှာရမှာမဟုတ်ပါဘူး။ ယူနိုက်တက်က မတူညီတဲ့ကလပ်တစ်ခုပါ။ အာတီတာက အချိန်အလုံအလောက်ရခဲ့ပြီး အသင်းကိုပျိူးထောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ဒီလိုအခွင့်အရေးမျိုးယူနိုက်တက်မှာရမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ အာဆင်နယ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်နဲ့ယှဉ်ပြိုင်သွားရပါမယ်။ အာဆင်နယ်ကတော့ ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပီအက်စ်ဗွီနဲ့ကစားသွားရမှာဖြစ်ပါတယ်။