ဗီလာကွင်းလယ်လူ တိုင်လီမန်းစ်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ်တွေက နောက်တစ်ကြိမ် ထပ်မံကြိုးစားလာ
အက်စတွန်ဗီလာအသင်းရဲ့ ကွင်းလယ်လူ ယူရီတိုင်လီမန်းစ်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ် (SPL) ကလပ်အသင်းတွေက စိတ်ဝင်စားနေကြတာပါ။ Daily Mail ရဲ့ ဖော်ပြချက်အရ တိုင်လီမန်းစ်ဟာ အသင်းအပေါ် အများကြီး သြဇာသက်ရောက်မှု ရှိနေပေမဲ့လည်း ဗီလာအသင်းအနေနဲ့ သင့်တော်တဲ့ ဈေးနှုန်းရရင် သူ့ကိုရောင်းထုတ်ပြီး ငွေရှာဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
ဗီလာအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် မတိုင်ခင်မှာ ပရီမီယံလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ စည်းမျဉ်း (PSR) တွေနဲ့ ကိုက်ညီအောင် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဖိအားတွေကို လျှော့ချဖို့နဲ့ ရာသီပိတ်ကာလမှာ အသုံးစရိတ် ပြန်လည်ရရှိဖို့အတွက် အသင်းက အဓိက ကစားသမားတစ်ဦးကို ရောင်းထုတ်ဖို့ လိုအပ်နေတာပါ။
တိုင်လီမန်းစ်ကို ပြီးခဲ့တဲ့ နွေရာသီကတည်းက ဆော်ဒီကလပ်တွေက စုံစမ်းကမ်းလှမ်းမှုတွေ ရှိခဲ့တာဖြစ်ပြီး အခုအချိန်အထိလည်း စိတ်ဝင်စားမှုတွေ လျော့ပါးသွားခြင်း မရှိသေးပါဘူး။ အထူးသဖြင့် တိုင်လီမန်းစ်ရဲ့ ရေရှည်ကြံ့ခိုင်မှုအပေါ် စိုးရိမ်မှုတွေ ရှိနေတာကြောင့် ဗီလာအသင်း တာဝန်ရှိသူတွေအနေနဲ့ သင့်တော်တဲ့ ဈေးနှုန်းရခဲ့ရင် ရောင်းထုတ်သွားမှာ ဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။