The network connection is lost.

Banner Image

ဇန်နဝါရီမှာ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပေမဲ့ တိုက်စစ်မှူး ရီကာဒိုပက်ပီကို ခေါ်ယူဖို့ ဖူလ်ဟမ် ဆက်လက်ကြိုးပမ်းနေ

ပီအက်စ်ဗွီအသင်းရဲ့ တိုက်စစ်မှူး ရီကာဒိုပက်ပီကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့ပေမဲ့ ဖူဟမ်အသင်းကတော့ အဆိုပါတိုက်စစ်မှူးကို ခေါ်ယူရေးအတွက် အားလျှော့ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဖူလ်ဟမ်အသင်းဟာ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်တိုက်စစ်မှူးအတွက် နယ်သာလန်ကလပ်နဲ့ ဆွေးနွေးမှုတွေ အသေအချာပြုလုပ်ခဲ့ပေမဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာတော့ သဘောတူညီမှု ပျက်ပြယ်သွားခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဗွီအသင်းဘက်က ရီကာဒိုပက်ပီရဲ့နေရာမှာ အစားထိုးမယ့် ကစားသမားသစ်ကို ရှာဖွေနိုင်ခြင်းမရှိတာကြောင့် အပြောင်းအရွှေ့ကို နောက်ဆုံးအချိန်မှာ ရပ်တန့်လိုက်တာလို့လည်း သိရပါတယ်။

နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ နည်းပြ မာကိုဆေးလ်ဗားရဲ့ ဖူလ်ဟမ်အသင်းဟာ ပက်ပီကို ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေဆဲဖြစ်ပြီး လာမယ့် နွေရာသီမှာ အသင်းဆီ အရောက်ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရီကာဒိုပက်ပီဟာ လက်မောင်းရိုးကျိုးဒဏ်ရာကြောင့် လာမယ့် မတ်လအထိ အနားယူနေရမှာ ဖြစ်ပါတယ်။

သူဟာ အခုရာသီမှာ ပီအက်စ်ဗွီအသင်းအတွက် ပွဲစဉ် ၂၂ ပွဲ ပါဝင်ကစားပေးထားပြီး ၁၁ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားနိုင်တဲ့အထိ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။