
အီဆက်ကို နယူးကာဆယ်မှထွက်ခွာခွင့်ပေးသွားမယ်လို့ အရိပ်အမြွက်ပြောကြားလိုက်တဲ့ အက်ဒီဟိုဝီ
နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက ယခုနွေရာသီအတွင်း လီဗာပူးမှ ပြင်းပြင်းထန်ထန်ချိတ်ဆက်နေတဲ့ အသင်းရဲ့ အဖိုးတန်တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ကို အသင်းမှထွက်ခွာခွင့်ပြုသွားဖို့ရှိကြောင်း အရိပ်အမြွက်ပြောကြားလာခဲ့ပါတယ်။
စနေနေ့ကထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော့ နယူးကာဆယ်ဟာ အီဆက်ကို အသင်းကနေ ရောင်းချသွားမှာမဟုတ်ကြောင်း ဖော်ပြခဲ့ကြပေမယ့် ကစားသမားက လီဗာပူးသို့ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် ယခုအခါမှာ ဟိုဝီက အသင်းအတွက်ကစားပေးလိုစိတ်ရှိတဲ့သူကိုသာ အသင်းမှာဆက်ထားသွားမှာဖြစ်ကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အီဆက်ဟာ နယူးကာဆယ်အသင်းဖော်တွေနဲ့ ပူးပေါင်းခြင်းမရှိဘဲ တစ်ကိုယ်တော်လေ့ကျင့်ရေးဆင်းနေတယ်လို့သိရပါတယ်။ နာမည်ကျော်ဂျာနယ်လစ် ခရေ့ဟုပ်က အီဆက်ကို အသင်းကနေ ရောင်းချသွားဖို့ရှိမရှိမေးမြန်းခဲ့ရာ ဟိုဝီက “လောလောဆယ်မှာ ကျွန်တော်အဲဒီအကြောင်း စိတ်ထဲမှာမထည့်ထားပါဘူး။ ဒီအပြောင်းအရွှေ့ကြောင်းလည်း ကျွန်တော်မသိပါဘူး။ ကျွန်တော်ကတော့ အသင်းအတွက်တကယ်ကစားပေးချင်တဲ့ ကစားသမားတွေကိုပဲ အသင်းမှာထားချင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဟိုဝီရဲ့ပြောကြားချက်အရ နယူးကာဆယ်အနေနဲ့လည်း အသင်းနည်းပြရဲ့သဘောအတိုင်း ဆက်လက်ဆောင်ရွက်သွားဖွယ်ရှိနေပြီး အီဆက်ကို လီဗာပူးသို့ရောင်းချသွားဖို့ သဘောတူသွားနိုင်ပါတယ်။ သို့သော်လည်း လီဗာပူးဘက်က ပြုလုပ်ထားတဲ့ အီဆက်အတွက် ပေါင်သန်း ၁၁၀ တန်ကနဦးကမ်းလှမ်းချက်ကိုတော့ နယူးကာဆယ်ဘက်က ငြင်းဆန်ထားခဲ့တာဖြစ်ပါတယ်။