The network connection is lost.

Banner Image

မိုဆာလက်ရဲ့ အငြင်းပွားဖွယ်ပို့စ်ကို ဘာကြောင့် Like ပေးခဲ့လဲဆိုတာ ရှင်းပြလာတဲ့ ဖလော်ရီယန်ဝစ်ဇ်

လီဗာပူးအသင်းရဲ့ ညံ့ဖျင်းတဲ့ဘောလုံးရာသီနဲ့ပတ်သက်လို့ မိုဆာလက်တင်ပြခဲ့တဲ့ အငြင်းပွားဖွယ်လူမှုကွန်ရက်ပို့စ်ကို ဘာကြောင့် Like ပေးခဲ့သလဲဆိုတာ ဖလော်ရီယန်ဝစ်ဇ်က ရှင်းပြလာပါတယ်။

အဲဒီပို့စ်မှာ မိုဆာလက်က "လီဗာပူးအသင်းအတွက် ပြိုင်ဘက်တွေကိုယ်တိုင် ထိတ်လန့်ကြောက်လန့်ရတဲ့ တိုက်စစ်အားသန်ကစားဟန်မျိုးဆီ ပြန်သွားစေချင်ပြီး ဆုဖလားတွေ ပြန်လည်ဆွတ်ခူးနိုင်တဲ့ အသင်းတစ်ခုပုံစံမျိုး ပြန်ဖြစ်စေချင်တယ်" လို့ ရေးသားခဲ့ပြီး ဒီနောက်ပိုင်း၊ အသင်းအတွင်းမှာ အငြင်းပွားစရာတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒီပို့စ်အပေါ် အမြင်အမျိုးမျိုးကွဲပြားခဲ့ကြပေမဲ့ လီဗာပူးကစားသမားအများစုကတော့ Instagram မှာ Like ပေးခဲ့ကြပြီး အီကီတီကီလို ကစားသမားအချို့တောင် မိုဆာလက်ရဲ့ ပွင့်လင်းတဲ့ပြောဆိုမှုအပေါ် ချီးကျူးခဲ့ကြပါတယ်။

လတ်တလော The Athletic နဲ့ အင်တာဗျူးမှာ ဖလော်ရီယန်ဝစ်ဇ်က လာမယ့်နွေရာသီ၊ အသင်းမှထွက်ခွာတော့မယ့် မိုဆာလက်ရဲ့ အသင်းအပေါ်အကောင်းဆုံးဖြစ်စေချင်တဲ့ဆန္ဒကို သူအပါအဝင် အသင်းဖော်အများစု နားလည်ပေးထားကြတယ်လို့ ပြောကြားခဲ့ပါတယ်။

"မိုဆာလက်က ဒီအသင်းမှာနေလာတာ ကြာပြီလေ။ သူက ပွင့်ပွင့်လင်းလင်းရှိပြီး စိတ်ထဲရှိတာကို တည့်တိုးပြောတတ်ပါတယ်။ ဒါက ပြဿနာမဟုတ်ပါဘူး။ ကိုယ်စိတ်ဆန္ဒကို ထုတ်ပြောပိုင်ခွင့် ရှိသင့်ပါတယ်။

တကယ်တော့ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အားလုံးအတွက် ခက်ခဲတဲ့ရာသီတစ်ခုဖြစ်ခဲ့သလို မိုဆာလက်အတွက်လည်း ခက်ခဲခဲ့ပါတယ်။ ကျွန်တော့်အမြင်အရတော့ ဒါကို အရှိထက် ပိုပြီး ချဲ့ကားလိုက်ကြတာပါ။ သူ ဘယ်သူ့ကိုမှ တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် မိုဆာလက်ရဲ့စိတ်ဓာတ်ကို ကျွန်တော် သဘောကျပါတယ်။ အရာရာတိုင်းအပေါ် သူ့ရဲ့ရှုမြင်ပုံနဲ့ အလုပ်အပေါ်ထားရှိတဲ့ စိတ်ဓါတ်မျိုးမှာပေါ့။ သူက အတွေ့အကြုံအများကြီးရှိထားလို့ သူ့စကားကို နားထောင်သင့်ပါတယ်" လို့ ဖလော်ရီယန်ဝစ်ဇ်က ဆိုပါတယ်။

ဆက်လက်ပြီး "သူ ဘယ်သူ့ကိုမှ တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ ကစားသမားတွေ Like ပေးတာကိုလည်း လူတွေက အရမ်းကြီး ချဲ့ကားတွေးနေကြတာပါ။ ကျွန်တော့်အတွက်တော့ ဒါက သူထွက်ခွာခါနီးဖြစ်နေလို့ ပြောချင်တာကို ပြောသွားတာပါပဲ။ အသင်းမှာရှိတဲ့သူတွေအားလုံး ပိုကြိုးစားပြီး ပိုကောင်းအောင် လုပ်ဆောင်ရမယ်ဆိုတာကို သတိပေးလိုက်တာပါ" လို့ ပြောကြားခဲ့ပါတယ်။

"ဒီရာသီအတွက် ကျွန်တော်တို့ ဘယ်သူမှ မပျော်ကြပါဘူး။ ဒါပေမဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရအောင်ယူပြီး ရာသီကို အကောင်းဆုံးအဆုံးသတ်ဖို့ အခွင့်အရေးရှိနေပါသေးတယ်။ ဒါကို မဖြစ်မနေ လုပ်သွားရပါမယ်။ ပြီးရင် နွေရာသီမှာ စိတ်အေးအေးထားပြီး နောက်ရာသီမှာ ပြန်လည်စတင်သွားရပါမယ်။ ကျွန်တော်တို့မှာ အသင်းကောင်းတစ်ခုရှိနေလို့ အခုထက် အများကြီးပိုကောင်းအောင် လုပ်နိုင်ပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။

မိုဆာလက်က လာမယ့်တနင်္ဂနွေနေ့၊ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်ကို သူ့ရဲ့အန်ဖီးလ်ကွင်းနှုတ်ဆက်ပွဲအဖြစ် ကစားသွားပါလိမ့်မယ်။