မိုဆာလက်နဲ့ ရောဘတ်ဆန်တို့ ထွက်ခွာသွားချိန် ဗန်ဒိုက်ကိုယ်တိုင် စံနမူနာပြအဖြစ် ဦးဆောင်ပေးရမယ်လို့ ပြောကြားလာတဲ့ ဟတ်စကီး
လီဗာပူးဂန္ထဝင်ဟတ်စကီးက ရောဘတ်ဆန်နဲ့ မိုဆာလက်တို့ထွက်ခွာသွားချိန် အသင်းကို ဗန်ဒိုက်ကိုယ်တိုင် ဦးဆောင်ပေးသွားရမယ်လို့ ပြောကြားလိုက်ပါတယ်။
နည်းပြအန်းစလော့လက်အောက် ရုန်းကန်ခဲ့ရတဲ့ လီဗာပူးအသင်းက အခုဘောလုံးရာသီကို ဆုဖလားလက်မဲ့အဖြစ် အဆုံးသတ်ခဲ့ရပြီး မိုဆာလက်နဲ့ ရောဘတ်ဆန်တို့ကိုလည်း နှုတ်ဆက်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့စနေနေ့မှာတော့ လီဗာပူးအသင်းအတွက် ကိုးနှစ်ကြာကစားပေးခဲ့တဲ့ အထိမ်းအမှတ်အဖြစ် မိုဆာလက်နဲ့ ရောဘတ်ဆန်တို့ကို ဂုဏ်ပြုမှတ်တမ်းဓါတ်ပုံတွေ ပေးအပ်ခဲ့ပါတယ်။ ဆာလက်နဲ့ ရောဘတ်ဆင်တို့ကို ဂုဏ်ပြုမှတ်တမ်းဓာတ်ပုံတွေ ပေးအပ်ခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ စိတ်ပျက်စရာတွေ ပြည့်နှက်နေတဲ့ ဘောလုံးရာသီအပြီး မိုဆာလက်က "နောက်နှစ်မှာတော့ လီဗာပူးအသင်း သေချာပေါက် အောင်မြင်မှုရအောင် ယူရမယ်" လို့ ပြောကြားခဲ့ပါတယ်။
Hajper နဲ့ အင်တာဗျူးမှာ ဟက်စကီးက အခုလိုဝါရင့်ကစားသမားတွေ ထွက်ခွာသွားချိန် ဗန်ဒိုက်နဲ့ပတ်သက်လို့ အသင်းအတွက် ဖခင်သဖွယ် အားကိုးထိုက်တဲ့သူ ဖြစ်လာရမယ်လို့ ပြောပြခဲ့ပါတယ်။
"အသင်းကို ပြန်လည်တည်ဆောက်မယ့်နေရာမှာ ဗန်ဒိုက်က အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေဆဲပါ။ သူက အပြောင်းအရွှေ့ဈေးကွက်အတွက်လည်း ဆွဲဆောင်မှုတစ်ခုဖြစ်ပြီး ဗန်ဒိုက် ရှိနေလို့ လီဗာပူးကို လာချင်တဲ့ ကစားသမားတွေ အများကြီးရှိပါတယ်"
"အဝတ်လဲခန်းထဲမှာ ခေါင်းဆောင်တစ်ဦးအဖြစ် သူ့ရဲ့ ဩဇာညောင်းမှုက အလွန်အရေးကြီးပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း လီဗာပူးရဲ့ကောင်းမွန်တဲ့အချက်မှန်သမျှနောက်ကွယ်မှာ သူက အဓိကတွန်းအား ဖြစ်ခဲ့ပါတယ်။ နောင်တစ်ချိန်မှာ သူ ပုံမှန်ပွဲထွက်ခွင့်မရတော့ရင်တောင် သူ့ရဲ့ဩဇာလွှမ်းမိုးမှုကြောင့် သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်"
"လီဗာပူးအတွက်ဆိုရင် ဂျော်ဒန်ဟန်ဒါဆန်လို ပုံစံမျိုးပါ။ ဟန်ဒါဆန်က အခု ဘရန့်ဖို့ဒ်မှာလည်း အရမ်းကောင်းအောင် လုပ်ပြနေပါတယ်။ ဗန်ဒိုက်က ဟန်ဒါဆန်လိုပါပဲ၊ သူ ကွင်းထဲမှာ မကစားရတဲ့အချိန်မှာတောင် သူက ခေါင်းဆောင်ပါပဲ။ တခြားကစားသမားတွေက သူ့ကို စံနမူနာအဖြစ် ကြည့်နေကြတာဖြစ်လို့ သူက ဆက်ပြီး ဦးဆောင်ပေးဖို့ လိုပါတယ်"
"စံနှုန်းတစ်ခု သတ်မှတ်ပေးရမယ်၊ ဦးဆောင်ပြရမယ်။ ဘယ်လို ကြိုးစားရမလဲဆိုတာ သူက ပြသပေးရပါမယ်။ လီဗာပူးအတွက် ဗန်ဒိုက်က အဲဒီလိုလူမျိုး ဖြစ်နေဖို့ လိုအပ်သလို သူနဲ့အတူ ကစားချင်တဲ့ ကစားသမားသစ်တွေအတွက်လည်း ဆွဲဆောင်မှုတစ်ခု ဖြစ်နေရပါမယ်။ ဗန်ဒိုက်က အဲဒီလိုလူမျိုးပါ။ လီဗာပူးက သူ့ကို အသင်းမှာ ဆက်ထိန်းထားဖို့ လိုအပ်ပါတယ်" လို့ ဟက်စကီးက ပြောဆိုခဲ့ပါတယ်။
အသက် ၃၄ နှစ်နဲ့ ၃၁၉ ရက်ရှိပြီဖြစ်တဲ့ ဗန်ဒိုက်က အခုရာသီ၊ လီဗာပူးရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းမှာ ပွဲချိန်ပြည့် ပါဝင်ကစားပေးထားပါတယ်။ သူက အသင်းရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်သလို ၂၀၂၀ ပြည့်နှစ်မတိုင်ခင်ကာလကတည်းက အသင်းမှာကျန်ရှိနေတဲ့ နောက်ဆုံးကစားသမားတွေအနက် တစ်ဦး ဖြစ်ပါတယ်။