ပရီးမီးယားလိဂ်မှာဆက်ရှိနိုင်ဖို့အတွက် မျှော်လင့်ချက်နည်းပါးလာပြီလို့ ဝန်ခံလိုက်တဲ့ ဘိုဝင်
နယူးကာဆယ်ကို ရှုံးနိမ့်ပြီးနောက် ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဘိုဝင်က အသင်းရဲ့ပရီးမီးယားလိဂ်တန်းတင်ကျန်ရစ်နိုင်ရေးမျှော်လင့်ချက် ဖြစ်နိုင်ခြေနည်းပါးလာပြီလို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ယမန်နေ့၊ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှာ အရှေ့လန်ဒန်အခြေစိုက်ကလပ်အသင်းက ထူးထူးခြားခြားစွမ်းဆောင်ပြနိုင်ခြင်းမရှိဘဲ နယူးကာဆယ်ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
လာမယ့်အင်္ဂါနေ့၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အမှတ်ပေးဇယားအဆင့်-၁၇ ရှိ တော့တင်ဟမ်က ချဲလ်ဆီးတို့ အနိုင်ရရှိမယ်ဆိုရင် ဝက်စ်ဟမ်းအသင်း သေချာပေါက်တန်းဆင်းသွားရပါလိမ့်မယ်။ အလားတူ တော့တင်ဟမ်က သရေတစ်မှတ်ရရှိမယ်ဆိုရင်တောင် ဝက်စ်ဟမ်းအတွက် တန်းဆင်းရဖို့ သေချာသလောက် ဖြစ်သွားပါလိမ့်မယ်။
စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းပွဲစဉ်အပြီး BBC Sport နဲ့တွေ့ဆုံချိန် ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဘိုဝင်က အခုအချိန်ထိတော့ မျှော်လင့်ချက်ကို အလျှော့မပေးသေးဘူးလို့ ဆိုပါတယ်။
"ပွဲစဉ်ကို ကျွန်တော်တို့စတင်ခဲ့တဲ့ပုံစံက တကယ်ကို ညံ့ဖျင်းခဲ့ပါတယ်။ ပြိုင်ဘက်ကို ဖိအားပေးဖို့ နောက်ကျခဲ့ပြီး ပြိုင်ဘက်မှာလည်း ကျွန်တော်တို့ကိုကျော်ဖြတ်ပြီး ကစားသွားနိုင်တဲ့ အရည်အသွေးမျိုး ရှိကြပါတယ်"
"ဒါက ကွင်းထဲမှာ ကစားနေတဲ့ ကျွန်တော်တို့ကြောင့်ဆိုတာ သိသာပါတယ်။ ဘာလုပ်ချင်တယ်၊ ဘယ်လိုဖိအားပေးချင်တယ်ဆိုတာ သိပေမဲ့ လုံလောက်အောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါကို ကျွန်တော်တို့ လက်ခံရမှာဖြစ်ပြီး အချိန်မီ မလုပ်ဆောင်နိုင်ခဲ့တာကို ဝန်ခံရပါမယ်"
"ကစားသမားတွေဆီမှာ တန်းဆင်းဇုန်ဖိအား ရှိနေတယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ အဲဒီလိုသာဆိုရင် ကျွန်တော်တို့က ခံစစ်ကိုပဲ အာရုံစိုက်ကစားနေပါလိမ့်မယ်။ အခု ကျွန်တော်တို့က တိုက်စစ်ဆင်ပြီး သူတို့ ပရိသတ်တွေရဲ့အရှိန်အဝါကို ဖြတ်တောက်ရမယ်ဆိုတာ သိပေမဲ့ အဲဒါကို မလုပ်နိုင်ဘဲ အလွယ်တကူ ဂိုးတွေ ပေးလိုက်ရတယ်"
"ဒီလိုအသေးအဖွဲအချက်လေးတွေကို ပိုကောင်းအောင် လုပ်ဖို့ လိုပါတယ်။ ဒီလိဂ်မှာတော့ မိုက်မဲတဲ့ အမှားတွေလုပ်ရင် အပြစ်ပေးခံရပါလိမ့်မယ်"လို့ သူက ပြောပါတယ်။
တန်းဆင်းရမယ့် အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဘိုဝင်က "အခြေအနေမကောင်းတာ အမှန်ပဲ၊ ဒါကို ကျွန်တော်တို့ လက်ခံရပါမယ်။ အင်္ဂါညပိုင်းမှာ တော့တင်ဟမ်ရှုံးနိမ့်ဖို့ လိုအပ်နေပြီး အဲဒီအချိန်အထိတော့ ရှိတဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားရပါလိမ့်မယ်"
"ကျွန်တော်တို့ရဲ့မျှော်လင့်ချက်က အပ်ချည်မျှင်သာသာလောက်ပဲ ကျန်တော့ပေမဲ့ အခုထိတော့ ဆုပ်ကိုင်ထားတုန်းပါပဲ။ အင်္ဂါနေ့ရလဒ်ကို စောင့်ကြည့်ရမှာဖြစ်ပြီး အဲဒီနေ့မှာတင် ကျွန်တော်တို့ တန်းဆင်းသွားနိုင်တဲ့ အခွင့်အရေးလည်း ရှိနေတာမို့ ရှောင်လွှဲလို့လည်း မရပါဘူး။ ကျွန်တော်တို့ လုပ်နိုင်တာက ဘာဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ဖို့ပဲ ရှိပါတယ်"
"ကျွန်တော် အဲဒီပွဲကို ကြည့်ပါမယ်။ တခြားအသင်းတွေအပေါ်မှာ မှီခိုနေရတာမျိုးကို ဘယ်တုန်းကမှ မလိုလားပေမဲ့ အခုတော့ ဒီအခြေအနေဆီရောက်သွားအောင် ကိုယ်တိုင်ပဲ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို ရှုပ်ထွေးတဲ့အခြေအနေကို ကျွန်တော်တို့ကိုယ်တိုင်ဖန်တီးခဲ့တာမို့ ပွဲကို ကြည့်ပြီး ဘာပဲဖြစ်လာလာ လက်ခံသွားနိုင်ဖို့ စိတ်ခိုင်ခိုင်ထားရပါမယ်"
"အခုထိတော့ မျှော်လင့်ချက် ရှိနေသေးလို့ တောတ့င်ဟမ်သာရှုံးနိမ့်မယ်ဆိုရင် ရာသီပိတ်နောက်ဆုံးပွဲစဉ်မှာ ကျွန်တော်တို့အတွက် အခွင့်အရေးတစ်ခု ပြန်ရလာမယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။