လီဗာပူးမှာ အီဆက်ခ်နဲ့ ဖလော်ရီယန်ဝစ်ဇ်တို့ ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ထားတဲ့ ရောဘတ်ဆန်
လီဗာပူးနောက်ခံလူရောဘတ်ဆန်က ကစားသမားသစ်တွေဖြစ်တဲ့ အီဆက်ခ်နဲ့ ဖလော်ရီယန်ဝစ်ဇ်တို့ကို လာမယ့်ရာသီ၊ အသင်းအတွက် အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်မယ့်သူတွေအဖြစ် ယုံကြည်ထားပါတယ်။
ပေါင် ၁၂၅ သန်းနဲ့ ၁၁၆ သန်း အသီးသီးပေးချေကာ ခေါ်ယူထားတဲ့ အီဆက်ခ်နဲ့ ဖလော်ရီယန်ဝစ်ဇ်တို့က မာဆေးဆိုဒ်ကလပ်မှာ အသားကျဖို့ ရုန်းကန်နေရပြီး နည်းပြအန်းစလော့လက်အောက်မှာ ခြေစွမ်းမပြနိုင်လို့ ဝေဖန်လှောင်ပြောင်မှုတွေနဲ့ အမြဲလိုလိုရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံသရဖူဆောင်းနိုင်ခဲ့တဲ့ လီဗာပူးက အခုဘောလုံးရာသီမှာတော့ အမှတ်ပေးဇယားထိပ်ဆုံးငါးသင်းစာရင်းဝင်ဖို့တောင် မသေချာသေးဘဲ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် ရာသီကုန်အထိ ကြိုးစားနေရပါတယ်။
အခုသီတင်းပတ်ကုန်၊ ဘရန့်ဖို့ဒ်နဲ့ရင်ဆိုင်ရမယ့် ရာသီပိတ်ပွဲစဉ်က ရောဘတ်ဆန်နဲ့ မိုဆာလက်တို့အတွက် အသင်းကိုနှုတ်ဆက်ရမယ့် အခိုက်အတန့်လည်း ဖြစ်ပါတယ်။ စကော့တလန်သားကြီးကတော့ စိတ်ပျက်စရာဘောလုံးရာသီအပြီး၊ အသင်းရဲ့အနာဂတ်အပြင် အသစ်ရောက်ရှိလာတဲ့ကစားသမားသစ်တွေကို လာမယ့်နှစ်တွေမှာ အသင်းကို အောင်မြင်မှုတွေဆီ ပြန်လည်ပို့ဆောင်ပေးနိုင်မယ့်သူတွေအဖြစ် ယုံကြည်နေပါတယ်။
"သူတို့တွေ အကောင်းဆုံးပုံစံပြန်ရလာဖို့ ကျွန်တော်ရော၊ အသင်းရော၊ အားလုံးပါ လိုလားနေကြပါတယ်။ သူတို့တွေ ပြန်ပြီး အောင်မြင်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီဘောလုံးရာသီမှာတင် အဆင်ပြေခဲ့မယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ ဆုဖလားစင်ထဲမှာ နောက်ထပ် ဖလားတစ်လုံး၊ နှစ်လုံးလောက် ထပ်တိုးလာနိုင်တာပေါ့။ ဒါပေမဲ့ ကံမပါခဲ့ဘူးလို့ပဲ ပြောရပါမယ်။ နောက်ရာသီမှာတော့ သူတို့တွေ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်လိမ့်မယ်လို့ ထင်ပါတယ်"
"ပြီးခဲ့တဲ့နွေရာသီမှာ ကျွန်တော်တို့အားလုံးစိတ်လှုပ်ရှားခဲ့ရတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့ပါတယ်။ သူတို့တွေ လီဗာပူးမှာ အံ့ဩစရာကောင်းတဲ့အနာဂတ်မျိုး ပိုင်ဆိုင်နိုင်မယ်ဆိုတာ ကျွန်တော် လုံးဝသံသယမရှိပါဘူး။ ဒါပေမဲ့ သူတို့က ငယ်လည်း ငယ်ကြသေးတာကိုး။ သူတို့ရဲ့လေ့ကျင့်ခန်းဆင်းမှုတွေ၊ ပွဲကစားပုံတွေနဲ့ စိတ်ဓာတ်တွေကို ကြည့်ပြီး သူတို့ အောင်မြင်လာမယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းကြီးသိပါတယ်။ လီဗာပူးရဲ့အနာဂတ်အတွက်တော့ အသင်းထဲမှာ အောင်မြင်မှုတွေထပ်ယူနိုင်ဖို့ လုံလောက်တဲ့အရည်အချင်းရှိသူတွေ ရှိနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ ရောဘတ်ဆန်က ပြောကြားခဲ့ပါတယ်။
ရောဘတ်ဆန်နဲ့ မိုဆာလက်တို့က အသင်းရဲ့ဂန္တဝင်တွေအဖြစ် ထွက်ခွာသွားပါတော့မယ်။ အသင်းရဲ့အနာဂတ်အတွက် စိုးရိမ်နေကြတဲ့ ပရိသတ်တွေအတွက်တော့ ရောဘတ်ဆန်ရဲ့စကားတွေက နောက်ရာသီအတွက် စိုးရိမ်ပူပန်မှုတွေကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ခဲ့ပါတယ်။