ယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့် ပွဲကြီးပွဲကောင်းကို လွဲချော်ဖွယ်ရှိတဲ့ လီဗာပူးတိုက်စစ်မှူးအီဆက်ခ်
မဟာပြိုင်ဘက်မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့် တနင်္ဂနွေနေ့အရေးကြီးပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးတိုက်စစ်မှူးအီဆက်ခ် ပါဝင်ကစားနိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။
The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ အသက် ၂၆ နှစ်အရွယ်အိုင်ဆက်ခ်အတွက် လီဗာပူးကစားသမားဘ၀အဖွင့်ဘောလုံးရာသီက နောက်ထပ်စိတ်ပျက်စရာကောင်းတဲ့ အလှည့်အပြောင်းတစ်ခုနဲ့ ထပ်မံကြုံတွေ့လိုက်ရတယ်လို့ သိရပါတယ်။
အီဆက်ခ်က အခုသီတင်းပတ်လေ့ကျင့်ရေးအစီအစဉ်မှာ ပေါင်ခြံဒဏ်ရာရရှိသွားခဲ့လို့ အခုလိုအင်္ဂလန်ဒါဘီပွဲစဉ်ကို လွဲခော်ဖို့ ရှိနေတာပါ။
လက်ရှိမှာတော့ ဒဏ်ရာအခြေအနေ ဘယ်လောက်အထိ ပြင်းထန်သလဲဆိုတာကို သိနိုင်ဖို့အတွက် စစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ရှိနေပြီး ဒီရာသီမှာ ပေါင် ၁၃၀ သန်းတန်တိုက်စစ်မှူးကြီး ပြန်ကစားနိုင်ဦးမလားဆိုတာကို သုံးသပ်သွားကြပါလိမ့်မယ်။
အီဆက်ခ်က နယူးကာဆယ်မှ လီဗာပူးဆီ ပြောင်းရွှေ့လာပြီးနောက်ပိုင်း အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ကစားပေးထားရာမှာ လေးဂိုးသာ သွင်းယူထားနိုင်ပါတယ်။ အခုလို သူရုန်းကန်နေရတဲ့အခြေအနေတွေမှာ ဒဏ်ရာပြဿနာတွေကလည်း အဓိကအကြောင်းအရင်းတစ်ခု ဖြစ်နေပြီး ဒီနှစ်အစောပိုင်းမှာလည်း ခြေထောက်အရိုးကျိုးဒဏ်ရာကြောင့် လပေါင်းများစွာ အနားယူခဲ့ရပါတယ်။