The network connection is lost.

Banner Image

လီဗာပူးအသင်းက လာမယ့်ဘောလုံးရာသီသစ်မှာ အသင်းသစ်တစ်ခုလို ထူးထူးခြားခြားပြောင်းလဲသွားလိမ့်မယ်လို့ နည်းပြအန်းစလော့ ထုတ်ဖော်ပြောကြား

လီဗာပူးနည်းပြအန်းစလော့က လာမယ့်ရာသီမှာ အသင်းရဲ့ကံကြမ္မာကို အကောင်းဘက်ဆီပြောင်းလဲပေးနိုင်ခြင်းအားဖြင့် ပရိသတ်တွေရဲ့ထောက်ခံမှုကို ပြန်လည်ရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ 

ယမန်နေ့(စနေနေ့)၊ အိမ်ကွင်းမှာ ရုန်းကန်နေရတဲ့ ချဲလ်ဆီးကို တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီး ပရိသတ်တွေရဲ့လှောင်ပြောင်သံ ထွက်ပေါ်ခဲ့သလို လူငယ်ကစားသမားရီယိုအန်ဂူမိုဟာကို လူစားလဲဖို့ဆုံးဖြတ်ခဲ့တဲ့ အန်းစလော့လုပ်ရပ်အပေါ်မှာလည်း အိမ်ကွင်းပရိသတ်တွေ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

ဒီရာသီမှာစိတ်ပျက်စရာကောင်းတဲ့ ရလဒ်တွေရှိနေပေမဲ့ လီဗာပူးအသင်းက ပရီးမီးယားလိဂ်အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်သာ ရရှိမယ်ဆိုရင် အန်းစလော့ကို နည်းပြအဖြစ် ဆက်မြင်တွေ့ရနိုင်ပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်ကျော်ကာလ၊ ဒတ်ချ်လူမျိုးနည်းပြက သူရဲ့ပွဲဦးထွက်ဘောလုံးရာသီမှာတင် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့လို့ လီဗာပူးရဲ့သူရဲကောင်းတစ်ဦးအဖြစ် ဂုဏ်ပြုမှုတွေ ရရှိခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း လာမယ့်ရာသီမှာ သူ့ရဲ့အသင်း အခုထက် အများကြီးပိုမိုတိုးတက်ကောင်းမွန်လာလိမ့်မယ်လို့ အန်းစလော့ကိုယ်တိုင် ယုံကြည်နေပါတယ်။

ပရိသတ်တွေရဲ့ အားပေးမှုကို ပြန်ရနိုင်မလားဆိုတဲ့ မေးခွန်းအပေါ် "ကျွန်တော် ယုံကြည်ပါတယ်" လို့ အန်းစလော့က ပြောပါတယ်။ "ဒါပေမဲ့ ဒီရာသီမှာတော့ မဟုတ်သေးဘူးပေါ့။ ဒီရာသီမှာတော့ သူတို့မှာ သူတို့အမြင်တွေ ရှိနေသလို ဒါလည်း ပြောင်းလဲသွားဖို့ မရှိပါဘူး။ အကယ်၍ ကျွန်တော်တို့ စီစဉ်ထားတဲ့အတိုင်း နွေရာသီမှာ ပြင်ဆင်မှုတွေ လုပ်နိုင်မယ်ဆိုရင် လာမယ့်ရာသီမှာ အခုထက် ပိုကောင်းတဲ့ အသင်းတစ်ခုဖြစ်လာမယ်ဆိုတာ ကျွန်တော် ရာနှုန်းပြည့်ယုံကြည်ထားပါတယ်။ ရလဒ်ပိုင်းမှာရော၊ ကစားပုံမှာပါ အခုထက် အများကြီးထူးခြားသွားပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။

လီဗာပူးအသင်းရဲ့အခုဘောလုံးရာသီက တိုက်စစ်မှူးဂျိုတာရဲ့ကြေကွဲစရာတိမ်းပါးမှုဖြစ်ရပ်နဲ့အတူ စတင်ခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက်မှာ ပေါင် ၄၅၀ သန်းအထိ အသုံးပြုခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေ ဆက်တိုက်ကြုံတွေ့ခဲ့သလို ခြေစွမ်းပိုင်းလည်း ကျဆင်းခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ပွဲစဉ်ကိုလည်း မိုဆာလက်၊ ဖလော်ရီယန်ဝစ်ဇ်နဲ့ အီကီတီကီတို့ ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ပြီး အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်တဲ့ အီဆက်လည်း ဒုတိယပိုင်းပွဲချိန်လူစားဝင်ကစားနိုင်တဲ့ ကြံ့ခိုင်မှုလောက်ပဲ ရှိခဲ့ပါတယ်။

"ကိုယ်ဖြစ်ချင်သမျှ အရာအားလုံးတော့ အမြဲတမ်းဖြစ်မလာနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အတွက်၊ ကျွန်တော့်အတွက်တော့ ဒီရာသီမှာ ဘာတွေလိုအပ်နေလဲဆိုတာ ရှင်းရှင်းလင်းလင်း သိပါတယ်။ ကျွန်တော်တို့မှာရှိတဲ့ ကစားသမားတွေနဲ့ အကောင်းဆုံးကြိုးစားနေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုက ကြံ့ခိုင်မှုပြည့်ဝတဲ့ ကစားသမားတွေ မရှိတာပါပဲ။ အခုရှိနေတဲ့ ကစားသမားတွေကတော့ ဒုတိယပိုင်းမှာ သူတို့အစွမ်းကုန်ကြိုးစားခဲ့ကြတယ်ဆိုတာ ပြသနိုင်ခဲ့ပေမဲ့ ဒါက လုံလောက်တဲ့ ရလဒ်တော့ မဖြစ်ခဲ့ပါဘူး" လို့ ဆလော့က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ်ကြယ်ပွင့်အန်ဂူမိုဟာကို လူစားလဲခဲ့တဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့လည်း ခြေသလုံးကြွက်တက်နေမှုကြောင့်လို့ အန်းစလော့က ရှင်းပြခဲ့ပါတယ်။ "သူက ပရိသတ်တွေအကြား လူကြိုက်များသူ ဖြစ်သလို ၆၅ မိနစ်လောက်အထိလည်း ကောင်းကောင်းကစားနိုင်ခဲ့လို့ ပရိသတ်တွေ အခုလို တုံ့ပြန်လာမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဘောလုံးလောကမှာက လူတွေက အကြောင်းစုံကို မသိကြတာ များပါတယ်၊ ဒါလည်း သဘာဝကျပါတယ်။ ကျွန်တော်က နည်းပြဖြစ်နေလို့ ဆုံးဖြတ်ချက်တွေ ချရပါတယ်။ တစ်ခါတလေမှာ လူတွေက အဲဒီဆုံးဖြတ်ချက်တွေအပေါ် ကျေနပ်ကြသလို၊ တစ်ခါတလေမှာတော့ မကျေနပ်ကြပါဘူး။ ဒီနေ့မှာတော့ သူတို့တွေ မကျေနပ်ကြဘူးဆိုတာ ထင်ရှားပါတယ်" လို့ ဆိုခဲ့ပါတယ်။