နယူးကာဆယ်ကြယ်ပွင့် အန်တိုနီဂေါ်ဒွန်အတွက် ဘိုင်ယန်မြူးနစ်က ခိုင်မာတဲ့ကမ်းလှမ်းမှု ပြုလုပ်လိုက်တာကြောင့် ဘာစီလိုနာအသင်း စိုးရိမ်နေ
အနာဂတ်အတွက် စဉ်းစားနေတဲ့ နယူးကာဆယ်တိုက်စစ်ကစားသမား အန်တိုနီဂေါ်ဒွန်ကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းက ခိုင်မာတဲ့ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်လိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂေါ်ဒွန်ဟာ ဒီရာသီမှာ နယူးကာဆယ်အတွက် အကောင်းဆုံးခြေစွမ်းပြနေသူတစ်ဦးဖြစ်ပြီး နစ်ခ်ဝိုလ်တမိဒ်နဲ့ ယိုအန်နီဝစ်ဆာတို့ ရုန်းကန်နေရချိန်မှာ အသင်းအတွက် အန္တရာယ်အရှိဆုံး တိုက်စစ်ကစားသမားဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။
လာမယ့်ရာသီမှာ လာလီဂါချန်ပီယံဆုကို ကာကွယ်ဖို့အတွက် တောင်ပံကစားသမားတစ်ဦးကို ခေါ်ယူချင်နေတဲ့ ဘာစီလိုနာအသင်းဟာ ဂေါ်ဒွန်ကို စိတ်ဝင်စားနေတာ အပတ်ပေါင်းများစွာ ကြာနေပြီဖြစ်ပါတယ်။
နယူးကာဆယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ဖို့ များနေတာကြောင့် အင်္ဂလန်လက်ရွေးစင် ဂေါ်ဒွန်အနေနဲ့လည်း စိန်ခေါ်မှုအသစ်တွေကို လက်ခံဖို့ အဆင်သင့်ရှိနေပုံရပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာနဲ့ အခုအခါမှာတော့ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်တို့အတွက် အခွင့်အရေး လမ်းပွင့်သွားခဲ့တာပါ။
သတင်းထောက်နဲ့ အပြောင်းအလဲကျွမ်းကျင်သူ ဖလိုရီယန် ပလက်တင်ဘာ့ဂ်ရဲ့ အဆိုအရ ဘိုင်ယန်ဟာ အင်္ဂလန်အသင်းဖော် ဟာရီကိန်းနဲ့အတူ တွဲဖက်ကစားဖို့အတွက် ဂေါ်ဒွန်ကို အသည်းအသန် အလိုရှိနေတယ်လို့ သိရပါတယ်။
"တခြားထိပ်သီးကလပ်တွေက စိတ်ဝင်စားနေပေမဲ့ အခုတော့ ဘိုင်ယန်မြူးနစ်က အန်တိုနီဂေါ်ဒွန်နဲ့ သူ့ရဲ့အေးဂျင့်တွေဆီကို တိကျတဲ့ ကိန်းဂဏန်းတွေနဲ့ ကမ်းလှမ်းမှုပြုလုပ်လိုက်ပါပြီ။ ဂေါ်ဒွန်ဟာ ဘိုင်ယန်နဲ့ ငါးနှစ်သက်တမ်းရှိတဲ့ စာချုပ် ချုပ်ဆိုနိုင်ပါတယ်။ အဓိကပြဿနာကတော့ ကစားသမားနဲ့ သဘောတူညီမှုရဖို့မဟုတ်ဘဲ နယူးကာဆယ်အသင်းနဲ့ သဘောတူညီမှုရဖို့ပါပဲ။ ဘိုင်ယန်ဘက်ကလည်း ငွေကြေးသုံးစွဲမှုမှာ ကန့်သတ်ချက်တွေရှိနေတာကြောင့် အီဘာနဲ့ ဖရိုင်းတို့ဟာ တခြားကိုယ်စားလှယ်တွေနဲ့လည်း ဆွေးနွေးမှုတွေ လုပ်နေပါတယ်" လို့ ၎င်းက ရေးသားခဲ့ပါတယ်။
ဂေါ်ဒွန်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၄၆ ပွဲ ကစားထားပြီး ၁၇ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားပါတယ်။ နယူးကာဆယ်အသင်း ချန်ပီယံလိဂ်ကနေ စောစောစီးစီး ထွက်ခဲ့ရပေမဲ့ သူကတော့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာတင် ၁၀ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာပါ။
ဥရောပရဲ့ အသင်းကြီးတွေက စိတ်ဝင်စားခြင်း ခံနေရတာကြောင့် ဒီနွေရာသီမှာတော့ ဒီတောင်ပံကစားသမားလေးဟာ သူ့ရဲ့အနာဂတ်အတွက် စိတ်ကြိုက်ရွေးချယ်ခွင့်တွေ ရရှိနေပြီ ဖြစ်ပါတယ်။