ချဲလ်ဆီးနဲ့ပွဲစဉ်ရလဒ်ပိုင်းကြောင့် အန်းစလော့ရဲ့အနာဂတ်အတွက် အရေးကြီးဆုံးဖြတ်ချက်တစ်ခု ချမှတ်တော့မယ့် FSG
လီဗာပူးအသင်းပိုင်ရှင်တွေဖြစ်တဲ့ Fenway Sports Group (FSG)က နောက်ထပ်ညံ့ဖျင်းတဲ့ရလဒ်တစ်ခု ထွက်ပေါ်လာပြီးနောက် နည်းပြအန်းစလော့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ ပြင်ဆင်နေပါတယ်။
တနင်္ဂနွေနေ့မွန်းလွဲပိုင်း၊ ချဲလ်ဆီးနဲ့တစ်ဖက်တစ်ဂိုးစီသရေကျမှုအပြီး အမှတ်တွေထပ်မံဆုံးရှုံးခဲ့လို့ လီဗာပူးအသင်းရဲ့ဘောလုံးရာသီဆိုးက ဆက်လက်ဖြစ်နေပေါ်ဆဲပါပဲ။
ဒါ့အပြင် ပွဲချိန်အတွင်း လူငယ်ကစားသမားလေးအန်ဂူမိုဟာနေရာမှာ အီဆက်ကို လူစားလဲထည့်သွင်းချိန် ပရိသတ်တွေဆီရဲ့လှောင်ပြောင်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီနောက် ပွဲပြီးချိန်မှာလည်း ချဲလ်ဆီးနဲ့ပွဲစဉ်အတွင်း ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ အန်းစလော့ကို ပရိသတ်တွေက ထပ်မံလှောင်ပြောင်ခဲ့ကြပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေရတဲ့ လီဗာပူးအသင်းက အန်းစလော့ကို ရာထူးမှထုတ်ပယ်နိုင်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေသလို ဒတ်ချ်လူမျိုးနည်းပြအပေါ်မှာလည်း ဖိအားတွေ ပိုများလာနေပါတယ်။ အခုအခါမှာတော့ အသင်းဘုတ်အဖွဲ့ဆီမှာ ဆုံးဖြတ်ချက်တစ်ခုချမှတ်ဖို့ အသင့်ဖြစ်နေပြီလို့ သတင်းထောက်ဂျိမ်းစ်ပီးယားစ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
"FSG ကိုယ်တိုင်လည်း အန်းစလော့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ အလားတူအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကို မကြာခင်မှာ ရင်ဆိုင်ရပါတော့မယ်။ အခုအချိန်အထိတော့ သူတို့ဟာ ဒီနယ်သာလန်သားကို ဆက်လက်ယုံကြည်ပေးထားတဲ့ ပုံစံမျိုး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ၊ ဒီယေဂိုဂျိုတာကို လက်လွှတ်ခဲ့ရမှုမှစလို့ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတဲ့ ဒဏ်ရာပြဿနာအခက်အခဲတွေအပေါ်မှာလည်း သူ့ကို ကိုယ်ချင်းစာမှုတွေ ရှိနေပါတယ်"
"ဘရန်ဒန်ရော်ဂျာနဲ့ မတူတဲ့အချက်က အန်းစလော့ဆိုတာ ပရီမီယံလိဂ်ဖလားရရှိထားသူတစ်ဦးဖြစ်နေလို့ ဒီပျက်စီးလုနီးပါးဘောလုံးရာသီမှ ချန်ပီယံလိဂ်ဝင်ခွင့်ကိုတော့ ရယူပေးနိုင်ပါဦးမယ်"
"ဒါပေမဲ့ စနေနေ့၊ အန်ဖီးလ်ကွင်းအတွင်း ပရိသတ်တွေရဲ့အခြေအနေက အသင်းအုပ်ချုပ်သူတွေဆီ မကျေနပ်မှုတွေ ဘယ်လောက်အထိ ကြီးမားနေသလဲဆိုတဲ့ ရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲ။ ဒါက တကယ့်ကို သည်းခံနိုင်စွမ်းကုန်ဆုံးသွားတဲ့ နေ့တစ်ခုလို့ ခံစားခဲ့ရပါတယ်။ ၂၀၁၀ ပြည့်နှစ်နှောင်းပိုင်း ရွိုင်းဟော့ပ်ဆန်လက်ထက် နောက်ဆုံးအချိန်တွေမှစလို့ လီဗာပူးနည်းပြတစ်ဦးအတွက် ကိုယ့်အိမ်ကွင်းမှာ အခုလောက်အထိ အပြင်းအထန်ကန့်ကွက်ခံရတာမျိုး မရှိခဲ့ဖူးပါဘူး" လို့ ၎င်းက ဆိုပါတယ်။