ဂျိမ်းစ်ထရက်ဖို့ဒ်အပြင် နောက်ထပ် ပရီးမီးယားလိဂ်မှ ဂိုးသမားတစ်ဦးကိုပါ ခေါ်ယူဖို့ နယူးကာဆယ် အလိုရှိနေ
မန်စီးတီးဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်နဲ့ ဘရိုက်တန်ဂိုးသမား ဘတ်ဗာဘရူဂန်တို့ဟာ နယူးကာဆယ်အသင်း ခေါ်ယူချင်နေတဲ့ ဂိုးသမားစာရင်းမှာ ပါဝင်နေပါတယ်။ နယူးကာဆယ်အသင်းဟာ အာရွန်ရမ်းစ်ဒေးလ်ကို ဆောက်သမ်တန်ဆီကနေ အမြဲတမ်းစာချုပ်နဲ့ ခေါ်ယူဖို့ အခွင့်အရေးကို ငြင်းဆန်ခဲ့ပြီးနောက် နစ်ပုပ်ရဲ့နေရာမှာ ရေရှည်အစားထိုးနိုင်မယ့် ဂိုးသမားတစ်ဦးကို ရှာဖွေနေတာ ဖြစ်ပါတယ်။
နစ်ပုပ်ဟာ ပြီးခဲ့တဲ့ နှစ်ပွဲမှာ ပွဲထွက်ခွင့် ပြန်လည်ရရှိခဲ့ပေမဲ့ အဲ့ဒီမတိုင်ခင်ကတော့ ရမ်းစ်ဒေးလ်ကို နေရာဖယ်ပေးခဲ့ရတာပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးဟာ သိသာထင်ရှားတဲ့ အမှားအယွင်းတွေကို ကိုယ်စီ ကျူးလွန်ခဲ့ကြပါတယ်။ အဲ့ဒီလို တစ်ဦးချင်း အမှားအယွင်းတွေကြောင့် နစ်ပုပ်ရဲ့ ယုံကြည်မှုတွေ လျော့နည်းလာခဲ့ရပြီး အသက် ၃၄ နှစ်အရွယ် ဂိုးသမားရဲ့ စွမ်းဆောင်ရည် သိသိသာသာ ကျဆင်းလာတာကြောင့် ဂိုးသမားအသစ်တစ်ဦး ခေါ်ယူဖို့က အသင်းအတွက် ဦးစားပေးကိစ္စ ဖြစ်လာခဲ့ပါတယ်။
The Telegraph ရဲ့ ဖော်ပြချက်အရ မန်စီးတီးက ထရက်ဖို့ဒ်ဟာ နယူးကာဆယ်ရဲ့ ဂိုးသမား ၃ ဦးစာရင်းမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကတည်းက နယူးကာဆယ်က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမဲ့ မန်စီးတီးဆီ ပါသွားခဲ့တာကြောင့် အခုတစ်ခါမှာတော့ ထရက်ဖို့ဒ်က သူတို့စာရင်းရဲ့ ထိပ်ဆုံးမှာ ပြန်ပါလာတာပါ။ ဒါ့အပြင် ဘရိုက်တန်က ဗာဘရူဂန်နဲ့ လန်းစ်အသင်းက ဂိုးသမား ရော်ဘင်ရစ်ဆာတို့လည်း အဆိုပါစာရင်းမှာ ပါဝင်နေပါတယ်။
အဲ့ဒီဂိုးသမား ၃ ဦးထဲမှာ ဗာဘရူဂန်ရဲ့ ဘောလုံးပေးပို့မှု အကွာအဝေးနဲ့ ဖြန့်ဝေပုံ တိကျမှုတွေဟာ နယူးကာဆယ်အသင်းနဲ့ အကိုက်ညီဆုံး ဖြစ်လိမ့်မယ်လို့ အသင်းနည်းပြအဖွဲ့က ယူဆနေကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဘရိုက်တန်အသင်းအနေနဲ့ ဒီရာသီ ပရီမီယာလိဂ် ၃၅ ပွဲမှာ ပေးဂိုးမရှိပွဲ (clean sheet) ၉ ပွဲအထိ ရယူထားတဲ့ သူတို့ရဲ့ ဂိုးသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀ သန်းထက်မနည်း တောင်းဆိုလာနိုင်ပါတယ်။
ဒါပေမဲ့ အသက် ၂၃ နှစ်ပဲ ရှိသေးပြီး အမြင့်ဆုံး အဆင့်အတန်းမှာ နောက်ထပ် ၁၀ စုနှစ်တစ်ခုစာလောက် ဆက်ကစားနိုင်ဦးမယ့် ကစားသမားတစ်ဦးအတွက် အခုနွေရာသီမှာ ငွေကြေးအမြောက်အမြား အသုံးပြုပြီး ခေါ်ယူရတာဟာ ထိုက်တန်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။