The network connection is lost.

Banner Image

စိတ်ပျက်စရာ ရာသီတစ်ခုဖြစ်ခဲ့ပေမဲ့ အက်ဒီဟိုဝီကို ရာထူးကမထုတ်ဖို့ နယူးကာဆယ် ဆုံးဖြတ်

၂၀၂၅-၂၆ ဘောလုံးရာသီမှာ ရလဒ်တွေ စိတ်ပျက်စရာကောင်းနေပေမဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြ အက်ဒီဟိုဝီကို နယူးကာဆယ်အသင်းက ဆက်လက်ယုံကြည်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ အက်ဒီဟိုဝီရဲ့ အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့ (မေလ ၂ ရက်) က ကစားခဲ့တဲ့ ပရီမီယံလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲအရပ်ရပ်မှာ ငါးပွဲဆက်တိုက် ရှုံးနိမ့်ထားတဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း နယူးကာဆယ်အသင်းဟာ အဆင့် (၁၃) မှာပဲ ရှိနေသေးတာကြောင့် လာမယ့်ရာသီ ဥရောပပြိုင်ပွဲတွေ ဝင်ခွင့်ရဖို့ကတော့ မရေမရာ ဖြစ်နေဆဲပါ။ The Athletic က သတင်းထောက် ဒေးဗစ် အွန်းစတိုင်းရဲ့ ဖော်ပြချက်အရ မထင်မှတ်ထားတဲ့ အခြေအနေတွေ ထပ်ဖြစ်မလာဘူးဆိုရင် အက်ဒီဟိုဝီဟာ အသင်းဘုတ်အဖွဲ့ရဲ့ ယုံကြည်မှုကို ရရှိထားဆဲဖြစ်ပြီး ၂၀၂၆-၂၇ ရာသီမှာလည်း အသင်းကို ဆက်ပြီးဦးဆောင်သွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ သတိပေးချက်တစ်ခုတော့ ရှိနေပါတယ်။ အခုလိုမျိုး စိတ်ပျက်စရာကောင်းတဲ့ ရာသီမျိုး နောက်ထပ်တစ်ကြိမ် ထပ်ပြီး မဖြစ်လာစေရဘူးဆိုတာကို သက်ဆိုင်သူအားလုံးက လက်ခံသဘောတူထားကြတယ်လို့ အွန်းစတိုင်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။