
အန်ဖီးလ်ကွင်းပွဲဦးထွက်အပြီး လီဗာပူးဆီ ဘာကြောင့်ပြောင်းရွှေ့လာခဲ့သလဲဆိုတာ ရှင်းပြသွားတဲ့ အီကီတီကီ
အန်ဖီးလ်ကွင်းမှာ ပထမဆုံးအကြိမ်ကစားခဲ့ပြီးနောက် ဟူဂိုအီကီတီကီက အရာအားလုံးကို အနိုင်ယူသွားရန် လီဗာပူးဆီ ပြောင်းရွှေ့လာခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လအတွင်း ဖရန့်ဖတ်မှ ကြိုးကြာနီတွေဆီ ပြောင်းရွှေ့ကြေးပေါင် ၆၉ သန်းဖြင့် ရောက်ရှိလာတဲ့ အီကီတီကီက ယမန်နေ့၊ ဘီလ်ဘာအိုနဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ပရီးမီးယားလိဂ်ချန်ပီယံတွေအတွက် သူ့ရဲ့ဒုတိယမြောက်ပွဲစဉ်ကို ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။
ဘတ်စ်ကွီးဒေသအခြေစိုက်ကလပ်အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ ဒုတိယမြောက်ပွဲစဉ်မှာ ပြင်သစ်တိုက်စစ်မှူးက မိုဟာမက်ဆာလက်ရဲ့အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပြီး အန်းစလော့ရဲ့အသင်း အနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဒီပွဲစဉ်အပြီး LFCTV နဲ့တွေ့ဆုံချိန် အီကီတီကီက အင်္ဂလန်ရဲ့အနောက်မြောက်အရပ်ဒေသဆီ ဘာကြောင့်ရောက်ရှိလာသလဲဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။
အီကီတီကီက “ ကျွန်တော်တို့မှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အစုအဖွဲ့တစ်ခု ရှိပါတယ်။ ကျွန်တော်တို့က အရာရာတိုင်းကို အနိုင်ယူချင်ပြီး ရာနှုန်းပြည့်ပေးဆပ်ဖို့ အသင့်ရှိသလို ကျွန်တော်ကိုယ်တိုင်လည်း ရာနှုန်းပြည့်ပေးဆပ်သွားပါမယ်။ အနိုင်ယူဖို့အတွက်ပဲ ဒီကလပ်အသင်းဆီ ရောက်ရှိလာတာပါ”လို့ ဆိုပါတယ်။ အီကီတီကီက သူ့ရဲ့အသင်းဖော်သစ်တွေနဲ့အတူ ဒုတိယအကြိမ်မြောက်တွဲဖက်ကစားရခြင်းဖြစ်ပေမယ့် ကစားခဲ့ရတဲ့ ၅၈ မိနစ်တာကာလမှာ ဘီလ်ဘာအိုဗဟိုခံစစ်မှူးနှစ်ဦးအကြား နေရာယူပြီး သူ့ရဲ့အရှိန်အဟုန်နဲ့ တိုက်စစ်တိုက်ရိုက်ကစားနိုင်မှုကို ပြသသွားခဲ့ပါတယ်။
အသင်းဖော်သစ်တွေနဲ့ပတ်သက်လို့ အီကီတီကီက “ သူတို့နဲ့တွဲဖက်ကစားရတာကို ကျွန်တော် ကြိုက်ပါတယ်။ ကွင်းပြင်ပမှာလည်း ဒီလူတွေက တကယ့်လူကောင်းတွေပါ။ ကျွန်တော်တို့အသင်း ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ပြင်ဆင်သွားရမယ့် အချက်အလက်အနည်းငယ်လည်း ရှိနေပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပိုကောင်းအောင်လုပ်သွားရမယ့်အရာတွေ ရှိနေပါတယ်။ အခုရာသီအတွက် ဒီလူတွေနဲ့တွဲဖက်ကစားရတာ ပျော်စရာကောင်းပါတယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး တိုက်စစ်မှူးက အန်ဖီးလ်မှာ ပွဲစဉ်ပေါင်းများစွာကစားသွားလိုတဲ့ သူ့ရဲ့ဆန္ဒကိုလည်း ထုတ်ဖော်ပြသသွားပါတယ်။
အိမ်ကွင်းပွဲဦးထွက်ပွဲစဉ်နဲ့ပတ်သက်လို့ သူက “ အရမ်းပျော်ဖို့ကောင်းပါတယ်။ ကျွန်တော့်အတွက် ပထမဆုံးပွဲစဉ်မှာပဲ ကောင်းမွန်တဲ့အငွေ့အသက်တစ်ခု ရရှိခဲ့ပါတယ်။ ဂုဏ်ယူမိပါတယ်။ ဒီကွင်းကြီးမှာ ပွဲစဉ်ပေါင်းများစွာ ကစားသွားချင်တယ်။ ဒီလိုကစားရတာ အံ့အားသင့်စရာကောင်းပါတယ်”လို့ ပြောပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံတွေက အခုသီတင်းပတ်ကုန်မှာ အက်ဖ်အေဖလားချန်ပီယံခရစ္စတယ်ပဲလေ့စ်နဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။