အာဖရိကတိုက်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့တဲ့ ပီအက်စ်ဂျီကြယ်ပွင့်ဟာကီမီ
ပီအက်စ်ဂျီကြယ်ပွင့်ဟာကီမီက အာဖရိကတိုက်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရှင် ဖြစ်လာခဲ့ပြီး ၅၂ နှစ်တာကာလအတွင်း ဒီဆုကိုဆွတ်ခူးနိုင်တဲ့ ပထမဆုံးခံစစ်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ မော်ရိုကိုနိုင်ငံရဲ့မြို့တော် ရာဘတ်မှာကျင်းပတဲ့ ၂၀၂၅ အာဖရိကအကောင်းဆုံးကစားသမားဆုချီးမြှင့်ပွဲမှာ မော်ရိုကိုညာနောက်ခံလူဟာကီမီက လီဗာပူးရဲ့အီဂျစ်တိုက်စစ်မှူးမိုဆာလက်နဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူးအိုဆီမန်တို့ကို ကျော်ဖြတ်ကာ အခုနှစ်အတွက် အကောင်းဆုံးဆုရှင်အဖြစ် မဲပေးရွေးချယ်ခံခဲ့ရပါတယ်။
ဟာကီမီက ပီအက်စ်ဂျီနဲ့အတူ လီဂူးဝမ်းချန်ပီယံဆု၊ ပြင်သစ်ရှုံးထွက်ဖလားချန်ပီယံဆုအပြင် ပြီးခဲ့တဲ့မေလအတွင်း ကလပ်အသင်းသမိုင်းတလျှောက် ပထမဆုံးချန်ပီယံလိဂ်ဆုဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အာဖရိကတိုက်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ဒါ့အပြင် ဟာကီမီပါဝင်တဲ့ ပီအက်စ်ဂျီက သြဂုတ်လအတွင်း တော့တင်ဟမ်ကို အနိုင်ယူကာ ၂၀၂၅ ခုနှစ်အတွင်း သူတို့ရဲ့စတုတ္ထမြောက်ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဟာကီမီက မူစတာဖာဟတ်ဂျီ(၁၉၉၈ ခုနှစ်)နောက်ပိုင်း ဒီဆုကိုဆွတ်ခူးနိုင်တဲ့ ပထမဆုံးမော်ရိုကိုကစားသမား ဖြစ်လာသလို ကွန်ဂိုခံစစ်မှူးတီရှီမန်(၁၉၇၃ ခုနှစ်)နောက်ပိုင်း ဒီဆုကိုရရှိတဲ့ ပထမဆုံးနောက်တန်းကစားသမား ဖြစ်လာခဲ့ပါတယ်။ အခုလိုဂုဏ်သိက္ခာကြီးမားတဲ့တစ်ဦးချင်းထူးချွန်ဆုရှင်ဖြစ်လာပြီးနောက် ဟာကီမီက အလွန်ဂုဏ်ယူစရာကောင်းတဲ့အခိုက်အတန့်တစ်ခုဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သူက “ ဒီဆုကြီးဟာ ကျွန်တော်တစ်ဦးတည်းအတွက်သာမက အာဖရိကမှာ ဘောလုံးသမားတစ်ဦးဖြစ်လာဖို့ အိပ်မက်,မက်နေကြတဲ့ အမျိုးသား၊ အမျိုးသမီး အားလုံးနဲ့သက်ဆိုင်ပါတယ်။ ငယ်စဉ်ကတည်းက ကျွန်တော့်အပေါ် ယုံကြည်ပေးခဲ့ကြသူတွေ၊ တစ်နေ့မှာ ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။
ဟာကီမီက စက်တင်ဘာလအတွင်း ကျင်းပခဲ့တဲ့ ၂၀၂၅ ဘော်လွန်းဒီအော်ဆုပေးပွဲမှာလည်း အဆင့်-၆ နေရာမှာ ရပ်တည်ခဲ့ပြီး မော်ရိုကိုလက်ရွေးစင်ကစားသမားတစ်ဦးအတွက် အမြင့်မားဆုံးစွမ်းဆောင်နိုင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီဆုပေးပွဲမှာတော့ ဟာကီမီရဲ့ကလပ်အသင်းဖော်တိုက်စစ်မှူးဒမ်ဘီလီက ဘော်လွန်းဒီအော်ဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
အာဖရိကတိုက်ရဲ့တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုနဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု(အမျိုးသမီး)ကိုလည်း ဆော်ဒီအခြေစိုက် မော်ရိုကိုကစားသမားတွေဖြစ်တဲ့ ဘိုနူနဲ့ ချက်ဗက်ခ်တို့က ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ့အပြင် လတ်တလော WSL ပြိုင်ပွဲဝင် ဘရိုက်တန်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိသွားတဲ့ နိုင်ဂျီးရီးယားဂိုးသမား အန်နာဒိုဇီက ၂၀၂၅ အာဖရိကတစ်နှစ်တာအကောင်းဆုံးဂိုးသမား(အမျိုးသမီး)ဆုကို သုံးကြိမ်ဆက် ဆွတ်ခူးရရှိခဲ့ပါတယ်။
ဆက်လက်ပြီး လာမယ့်နှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ကိတ်ဗာဒီအသင်းကို ပို့ဆောင်ပေးခဲ့တဲ့ ဘူဘစ္စတာလည်း အာဖရိကတိုက်ရဲ့တစ်နှစ်အကောင်းဆုံးနည်းပြဆုရှင် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ လူဦးရေ ၅၂၅,၀၀၀ သာရှိတဲ့ အာဖရိကကျွန်းနိုင်ငံ ကိတ်ဗာဒီက အမေရိကန်၊ မက္ကဆီကို၊ ကနေဒါတို့မှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်မယ့် အသေးငယ်ဆုံးနိုင်ငံငယ်လေးတော့ မဟုတ်ပါဘူး။ လူဦးရေ ၁၅၆,၀၀၀ သာရှိတဲ့ ကာရေဘီယံကျွန်းစုနိုင်ငံ ကူရာကာအိုက ဗုဒ္ဓဟူးညပိုင်း၊ ဂျမေကာနဲ့ ဂိုးမရှိသရေကျပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။