The network connection is lost.

Banner Image

လီဗာပူးရဲ့ရိုးရှင်းလှတဲ့ တိုက်စစ်လက်နက်အကြောင်း ဆွေးနွေးခဲ့တဲ့ ဖရန့်ဖတ်နည်းပြတော့ပ်မိုလာ

ချန်ပီယံလိဂ်ဂိုးပြတ်ရှုံးနိမ့်မှုအပြီး ဖရန့်ဖတ်နည်းပြတော့ပ်မိုလာက ပွဲစဉ်ဆီ လီဗာပူးပြန်လာနိုင်ဖို့အတွက် သူ့ရဲ့အသင်း ဘယ်လိုမျိုးခွင့်ပြုပေးခဲ့သလဲဆိုတာကို ဆွေးနွေးခဲ့ပါတယ်။ ကြိုးကြာနီတွေက Deutsche Bank Parkမှာ ၅-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် နိုင်ပွဲရယူခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့အဖွင့်ဂိုးကို ပွဲချိန်နာရီဝက်မပြည့်ခင်မှာပဲ ဖရန့်ဖတ်အတွက် ခရစ္စတန်ဆန်က သွင်းယူခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ တန်ပြန်တိုက်စစ်မှတဆင့် ရော်ဘတ်ဆန်ရဲ့တိကျကောင်းမွန်လှတဲ့ ဖန်တီးပေးပို့မှုကို အီကီတီကီက အကောင်းဆုံးအဆုံးသတ်ကာ ဧည့်သည်တွေအတွက် ချေပဂိုးရယူခဲ့ပါတယ်။ ဒီနောက်မှာတော့ ဗန်ဒိုက်နဲ့ ကိုနာတေးတို့က ထောင့်ကန်ဘောမှတဆင့် ရရှိလာတဲ့အခွင့်အရေးကို ခေါင်းတိုက်အဆုံးသတ်ကာ ဦးဆောင်ဂိုးတွေ ကိုယ်စီသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း အခုပွဲစဉ်အတွင်းခြေစွမ်းပြနေသူနှစ်ဦးဖြစ်တဲ့ ဂတ်ပိုနဲ့ ဆိုဘိုဆလိုင်းတို့က လီဗာပူးအတွက် နောက်ထပ်သွင်းဂိုးတွေကို ရယူပေးခဲ့ပါတယ်။

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၂)မှာ အက်သလက်တီကိုမက်ဒရစ်ကို ၅-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ဖူးတဲ့ တော့ပ်မိုလာက အီကီတီကီရဲ့သွင်းဂိုးအတွက် သူတို့အသင်း အကောင်းဆုံးခုခံကာကွယ်နိုင်သင့်တယ်လို့ ယုံကြည်နေပါတယ်။ ဖရန့်ဖတ်နည်းပြက “ ပထမပိုင်းပွဲချိန်အတွင်းမှာ ကျွန်တော်တို့အသင်းကစားပုံ ကောင်းမွန်ခဲ့သလို ကျွန်တော်တို့ချမှတ်ထားတဲ့ပုံစံအတိုင်း စီမံဆောင်ရွက်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲတွေမှာ ကောင်းမွန်တဲ့စိတ်အားထက်သန်မှုကို ပြသခဲ့ပြီး ဒီလိုအရာတွေကြောင့်သာ ကျွန်တော်တို့ရဲ့ ဦးဆောင်ဂိုးထွက်ပေါ်လာခဲ့တာပါ။ အဲ့ဒီအချိန်တွေမှာတော့ ကျွန်တော်တို့တွေ ထူးထူးခြားခြားကောင်းမွန်အောင် ကစားနိုင်ခဲ့ပါတယ်။ ပွဲအတွင်းမှာ ကျွန်တော်တို့ရဲ့ကစားပုံ ကောင်းမွန်တယ်လို့လည်း ယုံကြည်မိပါတယ်။

လီဗာပူးနဲ့ယှဉ်ပြိုင်ကစားရမှုက အမြဲလိုလိုအန္တရာယ်ရှိတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒီနောက်မှာတော့ အလွန်ရိုးရှင်းလှတဲ့ပုံစံမျိုးနဲ့ ချေပဂိုးကို ခွင့်ပြုပေးလိုက်ရပါတယ်။ ဒီဂိုးမှာ အခုထက်ပိုကောင်းတဲ့ ခုခံကာကွယ်မှုတွေ မဖြစ်မနေလိုအပ်ခဲ့ပြီး အီကီတီကီရဲ့မြန်နှုန်းကိုလည်း ကျွန်တော်တို့ သိကြပါတယ်။အရိုးသားဆုံးပြောရရင် ပထမပိုင်းမပြီးဆုံးခင် အလွတ်တည်ကန်ဘောမှတဆင့် နှစ်ဂိုးပေးလိုက်ရခြင်းက ကျွန်တော်တို့ကို သတ်ပစ်လိုက်သလိုပါပဲ။ လီဗာပူးက နေရာစုံမှာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီလိုကစားသမားကောင်းတွေဆီမှာ အခုလိုအရှိန်အဟုန်မျိုး ရရှိသွားပြီဆိုရင် ခုခံကာကွယ်ဖို့ဆိုတာ ခက်ခဲသွားပါတယ်။

သူတို့မှာ ဘောလုံးပိုင်ဆိုင်ခွင့် ပိုမိုရရှိခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ကလည်း အကောင်းဆုံးခုခံကာကွယ်ခဲ့လို့ ပထမပိုင်းပွဲချိန်အတွင်းမှာ သူတို့တွေ အပိုင်အခွင့်အရေးများများစားစား မရရှိခဲ့ပါဘူး။ ကျွန်တော်တို့က အခုထက်ပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ အခြေအနေတစ်ခုနှစ်ခုလောက်ကို ကောင်းကောင်းအသုံးချခဲ့သင့်ပါတယ်။

ဒီလိုယှဉ်ပြိုင်မှုအတွက် အခုလိုပွဲစဉ်တွေရဲ့အစိတ်အပိုင်းအလိုက်မှာလည်း ကောင်းမွန်မှုရှိနေဖို့ လိုအပ်ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာဆိုရင် ကျွန်တော်တို့အသင်းရဲ့ယုံကြည်မှုနဲ့ ကိုယ့်ကိုယ့်ကိုယ့်ယုံကြည်အားကိုးနိုင်စွမ်း အားနည်းသွားပါတယ်။ ဒါကို မှားယွင်းတဲ့ဘောလုံးပေးပို့မှုပုံစံအချို့မှာ မြင်တွေ့နိုင်ပါတယ်။ နောက်ဆုံးဂိုးမှာဆိုရင် ဘောလုံးက ကျွန်တော်တို့ရဲ့ခြေထောက်ထဲမှတဆင့် ပြိုင်ဘက်ဆီ ပေးလိုက်ရတာပါ။ ဒါကို သင်ယူသွားနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲတွေမှာ လုံလောက်တဲ့စိတ်အားထက်သန်မှုမျိုး မပြသနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကွာဟချက် ကြီးမားလာပါတယ်”လို့ ပြောပါတယ်။