The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ပွဲအမီ ဘာစီလိုနာအတွက် ပြန်ကစားပေးနိုင်ချေရှိတဲ့ ပီဒရီ

ဒဏ်ရာပြဿနာကြောင့် ယခုနိုဝင်ဘာလ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် စပိန်အသင်းမှာတောင် ပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့ ဘာစီလိုနာအဓိကကွင်းလယ်လူ ပီဒရီဟာ ယခုအခါမှာ‌တော့ မျှော်လင့်ထားတာထက် ပိုမိုလျင်မြန်စွာသက်သာလာတာကြောင့် နိုဝင်ဘာလ ၂၆ ရက်နေ့ ချဲလ်ဆီးနဲ့ထိပ်တိုက်တွေ့ဆုံသွားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ဖို့ အလားအလာရှိနေတယ်လို့သိရပါတယ်။

စပိန်နာမည်ကျော်ဂျာနယ်လစ် ဇာဗီကမ်ပို့စ်ရဲ့အဆိုအရ ပီဒရီဟာ ချဲလ်ဆီးနဲ့ပွဲအမီ ကြံ့ခိုင်ရေးပြန်လည်တည်ဆောက်နိုင်ချေရှိပြီး ပွဲထွက်ပါဝင်ဖို့တော့ မသေချာသေးဘူးလို့သိရပါတယ်။ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ဘာစီလိုနာဟာ လာလီဂါပွဲစဉ်အဖြစ် ဘီလ်ဘာအိုနဲ့ယှဉ်ပြိုင်သွားရဦးမှာဖြစ်ပြီး ပီဒရီဟာ အဆိုပါပွဲစဉ်ကိုတော့ လွဲချော်သွားဦးမှာဖြစ်ပါတယ်။

အသက်-၂၂ နှစ်အရွယ်စပိန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့လက ရီးရဲလ်မက်ဒရစ်ကို ၂-၁ နဲ့အရေးနိမ့်ခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ထိုစဉ်ကတည်းက အနားယူနေခဲ့ရတာဖြစ်ပါတယ်။ ကစားသမားဟာ ဘာစီလိုနာရဲ့ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲကိုလွဲချော်ထားခဲ့သလို၊ စပိန်လက်ရွေးစင်အသင်းကနေလည်း နုတ်ထွက်ထားခဲ့ရပါတယ်။

ယခုနိုဝင်ဘာလအတွင်း စပိန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် ဂျော်ဂျီယာ၊ တူရကီတို့နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပီဒရီအနေနဲ့ ၂ ပွဲစလုံးကို လွဲချော်သွားမှာဖြစ်ပါတယ်။ ဘာစီလိုနာကြယ်ပွင့်မပါဝင်ပေမယ့် စနေနေ့ကဂျော်ဂျီယာနဲ့ပွဲစဉ်မှာတော့ စပိန်ဟာ ၄ ဂိုးပြတ်အနိုင်ရခဲ့သလို၊ လာမယ့် ဗုဒ္ဓဟူးနေ့တူရကီနဲ့ယှဉ်ပြိုင်သွားရမယ့်ပွဲစဉ်မှာလည်း အနိုင်ရဖို့အလားအလာကောင်းနေပါတယ်။

ပီဒရီအနေနဲ့ ကနဦးက အနည်းဆုံး ၆ ပတ်လောက်အထိ အနားယူရနိုင်တယ်လို့ယူဆခဲ့ကြပြီး နိုဝင်ဘာလနှောင်ပိုင်းမှသာ ကစားနိုင်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် ကစားသမားဟာ မျှော်လင့်ထားတာထက် ပိုမိုလျင်မြန်စွာကစားနိုင်ဖို့ အခြေအနေကောင်းနေပြီး ချဲလ်ဆီးနဲ့ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝအောင်တည်ဆောက်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။