
စောစောစီးစီးလူစားလဲလှယ်ခဲ့ရတဲ့ အီဆက်ခ်ရဲ့ဒဏ်ရာအခြေအနေကို အန်းစလော့အတည်ပြု
လီဗာပူးနည်းပြအန်းစလော့က ဖရန့်ဖတ်ကို ၅-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူးအီဆက်ခ် ဒဏ်ရာရရှိသွားတယ်လို့ အတည်ပြုခဲ့ပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံးလေးပွဲဆက်ရှုံးနိမ့်ထားတဲ့ အန်းစလော့ရဲ့အသင်းက အခုပွဲစဉ်မှာတော့ ပြိုင်ဘက်အပေါ် သက်သောင့်သက်သာအသာစီးရယူကာ နိုင်ပွဲလမ်းကြောင်းဆီ ပြန်လည်တက်လှမ်းလာခဲ့ပါတယ်။
အခုပွဲစဉ်အတွက် လီဗာပူးအသင်းရဲ့တိုက်စစ်ပိုင်းပွဲထွက်လူစာရင်းမှာ အီကီတီကီနဲ့အတူ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အီဆက်ခ် ပါဝင်ကစားခဲ့ပေမဲ့ ပထမပိုင်းပွဲချိန်အပြီးမှာတင် လူစားလဲလှယ်ခဲ့ရပါတယ်။ ပွဲစဉ်အပြီး TNT Sports နဲ့တွေ့ဆုံချိန် အန်းစလော့က ပေါင်ခြံဒဏ်ရာကြောင့် ဆွီဒင်တိုက်စစ်မှူးကို လူစားလဲလှယ်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြက “ အီကီတီကီကတော့ အခွင့်အရေးကောင်းတစ်ကြိမ် ရရှိခဲ့ပြီး ဒီအခွင့်အရေးကို သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ အီဆက်ခ်လည်း အခွင့်အရေးအနည်းငယ် ရရှိပါတယ်။ ကံမကောင်းစွာနဲ့ဘဲ သူ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ပထမပိုင်းပွဲချိန်အပြီး၊ သူ့ရဲ့ပေါင်ခြံမှာ ပြဿနာအချို့ရှိနေလို့ လူစားလဲလှယ်ခဲ့ပါတယ်။ ဒါ ဝမ်းနည်းစရာကောင်းပါတယ်။ သုံးလလောက်လွဲချော်ထားတဲ့ ကစားသမားတစ်ဦးအတွက် ဟန်ချက်တစ်ခုကို ရှာဖွေဖို့ဆိုတာ ခက်ခဲလွန်းတယ်လို့ အကြိမ်ပေါင်းများစွာ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ သူ့ကို ဖြည်းဖြည်းချင်းပဲ ပုံသွင်းရပါမယ်။
လူတွေကလည်း အီဆက်ခ်ကို ပွဲကစားချိန်ပိုမပေးဘူးလားဆိုပြီး ကျွန်တော်နဲ့ တခါတရံ ငြင်းခုန်လေ့ရှိပါတယ်။ အခု ကျွန်တော်တို့တွေ သူ့ကို သုံးရက်အတွင်း ဒုတိယအကြိမ်ပွဲကစားခွင့်ပေးခဲ့တယ်လေ။ ကံမကောင်းစွာနဲ့ဘဲ သူထွက်ပေးရဖို့ ဖြစ်လာခဲ့ပြီး အကောင်းဆုံးဖြစ်လာဖို့ပဲ မျှော်လင့်မိပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီး ပွဲစဉ်တွေနဲ့လွဲချော်ထားတဲ့ ကစားသမားတစ်ဦးအတွက် ဟန်ချက်တစ်ခုရှာဖွေဖို့ဆိုတာ မလွယ်ကူပါဘူး”လို့ ပြောပါတယ်။