The network connection is lost.

Banner Image

နိုင်ပွဲလမ်းကြောင်းဆီ ပြန်ရောက်ရှိလာပြီးနောက် တည်တည်ငြိမ်ငြိမ်ရှိကြဖို့ တောင်းဆိုလိုက်တဲ့ ဗန်ဒိုက်

ဗန်ဒိုက်က ဖရန့်ဖတ်ကို အံ့အားသင့်ဖွယ် ၅-၁ ဂိုးဖြင့် အနိုင်ယူကာ နိုင်ပွဲလမ်းကြောင်းဆီ လီဗာပူးအသင်း ပြန်လည်ရောက်ရှိလာပြီးနောက် စိတ်ရှည်သည်းခံဖို့နဲ့ အာရုံစူးစိုက်မှုမပြတ်သွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဂျာမန်မြေမှာကစားခဲ့တဲ့ အခုနိုင်ပွဲမတိုင်ခင် လီဗာပူးက အန်ဖီးလ်မှာ ယူနိုက်တက်ကိုရှုံးနိမ့်မှုအပါအဝင် ပြိုင်ပွဲစုံနောက်ဆုံးလေးပွဲဆက် ရှုံးနိမ့်ခဲ့ပါတယ်။

အခုပွဲစဉ်မတိုင်ခင်မှာလည်း အန်းစလော့ရဲ့အသင်းအပေါ် ဖိအားတွေများစွာသက်ရောက်ခဲ့ပေမဲ့ သူတို့တွေက ဂိုးပြတ်ရလဒ်နဲ့အတူ နိုင်ပွဲလမ်းကြောင်းဆီ ပြန်လည်ရောက်ရှိလာပါတယ်။ အခုပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ အသက်-၃၄ နှစ်အရွယ်ဗန်ဒိုက်က သူတို့အသင်းမှာ မိမိကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်း ကွင်းလွတ်သွားတာမျိုး မဖြစ်လာနိုင်ဘူးလို့ အတိအလင်းပြောဆိုခဲ့ပါတယ်။

ပွဲစဉ်အပြီး TNT Sports နဲ့တွေ့ဆုံချိန် ဗန်ဒိုက်က “ ဒီနိုင်ပွဲဟာ ကြေညာလိုက်သလိုဖြစ်သွားမလားဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ဒါဟာ နိုင်ပွဲတစ်ခုဖြစ်ပြီး ဆက်လက်တည်ဆောက်သွားရမယ့်အရာ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဘောလုံးလောကမှာ ကာလအတော်ကြာရှိခဲ့ပြီးဖြစ်လို့ အခုလိုအချိန်မျိုးမှာ စိတ်သက်သာစရာရစေမယ့်အကြောင်းတရား လုံးဝမရှိသေးပါဘူး။ ဒါက ကျွန်တော်တို့တွေ အတူတကွလက်တွဲလုပ်ကိုင်ပြီး ကိုင်တွယ်ဖြေရှင်းသွားရမယ့်အရာတစ်ခုပါ။

ဒီနေ့မှာ ကျွန်တော်တို့တွေ အနိုင်ရရှိခဲ့ပြီး လာမယ့်စနေနေ့၊ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေရပါမယ်။ ကျွန်တော်တို့ဆီ အနုတ်သဘောဆောင်တဲ့ပြင်ပလောကကိစ္စတွေ မဆွဲသွင်းပါဘူး။ ကိုယ့်ပွဲစဉ်ကိုယ်ကစားနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက လာမယ့်ပွဲစဉ်ဆီ အာရုံစိုက်ထားဖို့ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ကိစ္စတွေကို အာရုံမစိုက်ဘဲ ရှေ့ဆက်သွားကြမယ်”လို့ ပြောပါတယ်။