နူးကမ့်ကွင်းသစ်ကြီးမှာ ပထမဆုံးဂိုးသွင်းရတာ မမေ့နိုင်စရာဖြစ်တယ်လို့ လီဝန်ဒေါစကီး ဖွင့်ဟလာ
ဘာစီလိုနာတိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးက မနေ့ည ဘီလ်ဘာအိုကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအတွင်း နူးကမ့်ကွင်းသစ်ကြီးမှာ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တာကို ထာ၀ရသတိရနေမယ်လို့ ပြောကြားခဲ့ပါတယ်။
ဝါရင့်တိုက်စစ်မှူးဟာ ပွဲချိန် ၄ မိနစ်မှာပဲ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး အိမ်ကွင်းနဲ့ ဝေးကွာခဲ့ရတဲ့ နှစ်နှစ်ခွဲအကြာ ဘာစီလိုနာရဲ့ ကွင်းဖွင့်ပွဲမှာ သွင်းဂိုးနဲ့ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဘာစီလိုနာဟာ လွန်ခဲ့တဲ့တစ်နှစ်က နူးကမ့်ကို ပြန်ဖွင့်ဖို့ စီစဉ်ထားပေမယ့် ဆောက်လုပ်ရေးပြဿနာတွေနဲ့ အခြားကိစ္စရပ်တွေကြောင့် အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရပါတယ်။ လီဝန်ဒေါစကီးက"ဒီနေ့ဟာ ကျွန်တော့်အတွက်သာမက အားလုံးအတွက်ပါ ထူးခြားတဲ့နေ့တစ်နေ့ပါ။ ဒါကြောင့် နူးကမ့်ကို ပြန်လာပြီး ပထမဆုံးဂိုးသွင်းနိုင်ခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။
ကျွန်တော် ကွင်းအမျိုးမျိုးမှာ ကစားဖူးတဲ့ အတွေ့အကြုံတွေ အများကြီးရှိပေမဲ့ ဒီနေရာမှာတော့ တစ်ခုခုထူးခြားနေပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ရော အသင်းကိုပါ အရမ်းဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး အနိုင်ရခဲ့လို့ပါ။ ဒီပထမဆုံးဂိုးဟာ ကျွန်တော်ထာဝရမှတ်မိနေမယ့် အရာတစ်ခုလို့ ထင်ပါတယ်"လို့ ပြောခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဘာစီလိုနာဟာ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နဲ့ အမှတ်တူ ရပ်တည်နိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး လီဝန်ဒေါစကီးက"လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက်က နိုင်ငံအသင်းကနေ ကလပ်ကို ပြန်ရောက်တုန်းက ထူးခြားတဲ့စိတ်ခံစားမှုတွေ ရခဲ့ပါတယ်။ တစ်ခုခုထူးခြားတာ (ဖြစ်လာတော့မယ်ဆိုတာ) ခံစားမိပါတယ်။ ဒီပွဲဟာ ကျွန်တော်တို့ ရေရှည်မှတ်မိနေမယ့် ပွဲတစ်ပွဲဖြစ်မယ်ဆိုတာ အားလုံးသိပါတယ်"လို့ ဆိုပါတယ်။ ဘာစီလိုနာနည်းပြ ဟန်စီဖလစ်ခ်ကလည်း ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်းကို ချီးကျူးခဲ့ပါတယ်။
ဖလစ်ခ်က"သူက အခွင့်အရေးရရင် ၁၀၀ ရာခိုင်နှုန်းနီးပါး (အချိန်တိုင်း) ဂိုးသွင်းနိုင်တဲ့ ကစားသမားမျိုးပါ။ ဒီနေ့ စောစောစီးစီး ဂိုးရတာ အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော်တို့လိုအပ်တဲ့ ယုံကြည်မှုကို ပေးစွမ်းလို့ပါ"လို့ ပြောခဲ့ပါတယ်။ နူးကမ်းကွင်းသစ်ကြီးအတွင်း ဖွင့်လှစ်ထားတဲ့ ပွဲကြည့်စင်သုံးခုမှာ ပရိသတ် ၄၅,၀၀၀ လောက် လာရောက်အားပေးခဲ့ကြပြီး တတိယအဆင့် ပွဲကြည့်စင်ကတော့ ဆောက်လုပ်ဆဲဖြစ်ပါတယ်။ စီမံကိန်းကို မူလစီစဉ်ထားတာထက် တစ်နှစ်နောက်ကျပြီး ၂၀၂၇ ခုနှစ်မှာ ပြီးစီးဖို့ သတ်မှတ်ထားပါတယ်။