နည်းပြသစ် အန်းစလော့တ်လက်အောက်မှာ ပျော်ရွှင်မိကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ကာတစ်ဂျုံးစ်
ယခင်နည်းပြဟောင်း ကလော့ပ်လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်ခဲ့ရပြီးနောက် ကာတစ်ဂျုံးစ်တစ်ယောက် နည်းပြသစ် စလော့တ်လက်အောက်မှာ အကောင်းဆုံးစွမ်းဆောင်ရည်မျိုးပေးဆပ်ချင်နေပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ၃၆ ပွဲအထိ ပါဝင်ခွင့်ရခဲ့တဲ့ ဂျုံးစ်ဟာ စလော့တ်ရဲ့နည်းစနစ်ပိုင်းကို သဘောကျနေပါတယ်။ “သူက တကယ့်အံ့ဖွယ်နည်းပြပါ။ ကျွန်တော် တော်တော်လေးပျော်ပါတယ်။ ကစားဟန်က ကျွန်တော်နဲ့အံဝင်ပါတယ်။ ပြီးတော့ ရှင်းလင်းတဲ့အစီအစဉ်လည်းရှိပါတယ်။ အန်းက လေ့ကျင့်ရေးမှာလည်း အပြည့်အဝပါဝင်ပါတယ်။ သူက ကျွန်တော်တို့အများကြီးနည်းပြနိုင်သလို အသေးစိတ်ကအစ ပြောပြပါတယ်။ အချိန်အနည်းငယ်ယူရနိုင်တယ်ဆိုတာ သူသိပါတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ကြီးမားတဲ့အပြောင်းအလဲဖြစ်တာကြောင့်ပါ။ ကျွန်တော် ဒီကိုလူငယ်တစ်ဦးအနေနဲ့ လာခဲ့ပေမယ့် ကျွန်တော် အဆင်ပြေကစားပြီး ပြောင်းလဲခဲ့ရပါတယ်။ အဲ့လိုမှမလုပ်နိုင်ရင် အဆင်မပြေပါဘူး။ ဒါပေမယ့် အခုတော့ ကျွန်တော်ပိုကောင်းလာနေပါပြီ။ ကျွန်တော် ဘောလုံးပိုကိုင်ထားချင်ပါတယ်။ အများကြီးလည်း လုပ်ပြချင်ပါတယ်”လို့ ရွန်းနီနဲ့အင်တာဗျူးမှာ ကာတစ်က ဖြေကြားခဲ့ပါတယ်။
ဂျုံးစ်ဟာ ကလော့ပ်ရဲ့နည်းစနစ်အောက်မှာ တိုးတက်လာခဲ့တာဖြစ်ပြီး off-the-ball ရွှေ့လျားမှုတွေမှာ အံဝင်လာခဲ့တာဖြစ်ပါတယ်။ ကလော့ပ်လက်အောက်မှာ တိုးတက်လာခဲ့ပေမယ့် ကာတစ်က သူ့ရဲ့ကိုယ်ပိုင်ဟန်ပျောက်ဆုံးခဲ့တာကိုတော့ အခုလိုမျိုးပြောကြားခဲ့ပါတယ်။
“ကျွန်တော်က ဘောလုံးကိုင်ထားပြီး ကစားချင်တာဖြစ်သလို အသင်းကိုလည်း ကူညီချင်ပါတယ်။ အဲ့တာက ပိုအဆင်ပြေတယ်လို့ ထင်ပါတယ်။ အဲ့နောက် ကျွန်တော် တောင်ပံကော တိုက်စစ်မှာပါ ထိပ်တန်းကစားသမားတွေရှိတဲ့အသင်းမျိုးမှာ ကစားခွင့်ရခဲ့ပါတယ်။ ကွင်းလယ်ကစားသမားတွေက အများကြီးပြေးရသလို စည်းကမ်းပိုင်းလည်း လိုက်နာရပါတယ်။ အခုတော့ ကွင်းလယ်လူတွေက အသင်းရဲ့အရေးပါတဲ့သူတွေဖြစ်လာနေပါပြီ။ ကစားကွက်တည်ဆောက်မှုအပိုင်းမှာလည်း အရေးပါလာကြပါတယ်။ ကျွန်တော်တို့ တိုက်စစ်ကို အလျင်စလိုမစတင်ပါဘူး။ ဘောလုံးကိုင်ထားပြီး ပြိုင်ဘက်ကို ထိုးဖောက်ချင်တာပါ။ အတိတ်မှာတုန်းက အလျင်စလိုလုပ်ခဲ့ပြီး တိုက်ရိုက်စတင်တာတွေများခဲ့ပါတယ်။ အဲ့တာက အတက်အကျမြန်ပါတယ်။ အခုတော့ အန်းက ဘောလုံးပိုကိုင်ပြီး ပြိုင်ဘက်တွေကို လုံးဝပွဲသိမ်းစေချင်ပါတယ်”လို့ ကာတစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ကလော့ပ်ကို ဝေဖန်မှုတွေရှိခဲ့ပေမယ့် ကာတစ်က ဂျာမန်သားဟာ မိမိကိုတိုးတက်အောင် လုပ်ဆောင်ပေးခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ “သူဒီအသင်းကနေ ဂန္ထဝင်တစ်ဦးအနေနဲ့ ထွက်ခွာသွားတာကို ကျွန်တော်ပျော်ပါတယ်။ အခုဆိုသူမိသားစုနဲ့ အချိန်ကုန်ဆုံးလို့ရပါပြီ။ ကျွန်တော် ဒီကိုလူငယ်တစ်ဦးအနေနဲ့ လာချိန်တုန်းက အတွေ့အကြုံရှိတဲ့ကစားသမားတွေဆီကနေ သင်ယူခဲ့ရပါတယ်။ အခုတော့ ကျွန်တော် တော်တော်လေးတိုးတက်လာပါတယ်။ အန်းလက်အောက်မှာ အသစ်အဆန်းတွေဖြစ်လာနိုင်ပါတယ်။ ဘယ်သူမှတော့ ပွဲထွက်ခွင့်အတွက် အာမခံချက်ရှိမယ်မထင်ပါဘူး။ အန်းက အမြဲတမ်းပြုံးနေတာပါ။ ခင်ဗျားအနေနဲ့ ဘယ်အချိန်မဆို သူ့ကိုချဉ်းကပ်ပြီး မေးမြန်းလို့ရပါတယ်။ သူက ဒီကိုအသစ်အဆန်းတွေယူဆောင်လာမှာပါ။ လေ့ကျင့်ခန်းအတွင်း ဗီဒီယိုကလစ်တွေနဲ့ပြန်လည်ပြသတာက ကျွန်တော်တို့ကို တိုးတက်လာစေပါတယ်”လို့ ကာတစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ လာမယ့်ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်နေပြီး ခြေစမ်းပွဲတွေအဖြစ် ဘက်တစ် ၊ အာဆင်နယ် ၊ ယူနိုက်တက် ၊ ဆီဗီလာတို့နဲ့ ကန်မှာဖြစ်ပါတယ်။