
အခုနိုင်ငံတကာသီတင်းပတ်မှာ ဒဏ်ရာပြဿနာထိုးနှက်ချက်ကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့ ချဲလ်ဆီး
ဒူးဒဏ်ရာကြောင့် နိုင်ငံ့လက်ရွေးစင်အသင်းမှ အန်ဇိုဖာနန်ဒက်ဇ် နုတ်ထွက်သွားပြီးနောက် ချဲလ်ဆီးအသင်းမှာ ဒဏ်ရာပြဿနာတွေ ပိုမိုများပြားလာဖွယ် ရှိပါတယ်။ အခုဘောလုံးရာသီ၊ မာရက်စ်ကာအားထားရသူတစ်ဦးဖြစ်တဲ့ အာဂျင်တီးနားကွင်းလယ်လူက ကလပ်အသင်းအတွက် ကိုင်စီဒိုပြီးရင် ပရီမီးယားလိဂ်ပွဲကစားချိန်အများဆုံးရရှိထားတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ အန်ဇိုဖာနန်ဒက်ဇ်တစ်ယောက် ကာလတစ်ခုကြာ အနားယူရပါလိမ့်မယ်။
အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ထုတ်ပြန်ချက်တစ်ခုအရ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ညာဒူးဆစ်နေရာမှာ ရောင်ရမ်းမှုတွေရှိနေတယ်လို့ သိရပါတယ်။လတ်တလောထွက်ပေါ်လာတဲ့ ဓါတ်ပုံတစ်ခုမှာလည်း အန်ဇိုဖာနန်ဒက်ဇ်က နိုင်ငံ့လက်ရွေးစင်အသင်းနဲ့အတူ လေ့ကျင့်ချိန်မှာ ဒဏ်ရာရရှိနေတဲ့ဒူးကိုကာကွယ်ဖို့ အကူအညီပစ္စည်းတွေ ဝတ်ဆင်ထားခဲ့ပါတယ်။ ဒါကြောင့် အန်ဇိုဖာနန်ဒက်ဇ်က ပွေတိုရီကိုနဲ့ကစားရမယ့် အာဂျင်တီးနားရဲ့ခြေစမ်းပွဲကို လွဲချော်သွားပါလိမ့်မယ်။ ဒီနေရာမှာ အန်ဇိုဖာနန်ဒက်ဇ်ရဲ့အနားယူချိန် ဘယ်လောက်အထိကြာမြင့်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါက စီနီယာကစားသမားအများစုကို လက်လွှတ်ထားရတဲ့ အန်ဇိုမာရက်စ်ကာအတွက် သတင်းဆိုးတစ်ခု ဖြစ်လာပါတယ်။ ချဲလ်ဆီးက အဓိကတိုက်စစ်မှူးကိုးလ်ပယ်လ်မာအပြင် ကွင်းလယ်ပိုင်းသီးသန့်မှာကိုပဲ ကိုင်စီဒို၊ အန်ဒရေဆန်းတို့စ်နဲ့ အက်ဆုဂိုတို့အားလုံးကို လက်လွှတ်ထားရပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်က အခုသီတင်းပတ်အစောပိုင်း၊ ဗင်နီဇွဲလားကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ခြေစမ်းပွဲစဉ်မှာ ပွဲချိန် ၇၈ မိနစ်အထိ ပါဝင်ကစားခဲ့ပေမဲ့ အခုအချိန်မှာတော့ ချဲလ်ဆီးရဲ့ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းဆီ ပြန်လာပြီး စစ်ဆေးအကဲဖြတ်မှုတွေ လုပ်ဆောင်သွားလိမ့်မယ်လို့ ယူဆရပါတယ်။ အခုနိုင်ငံတကာသီတင်းပတ်အပြီး ချဲလ်ဆီးက ရုန်းကန်နေရတဲ့ ပိုစတီကိုဂလူရဲ့နော်တင်ဟမ်ဖောရက်စ်နဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။