အခုရာသီ၊ အာဆင်နယ်အတွက် ဆုဖလားအောင်မြင်မှု မရှိသေးပါဘူးလို့ သတိပေးလိုက်တဲ့ မီကာရစ်ချက်စ်
ပရီးမီးယားလိဂ်ခံစစ်မှူးဟောင်းမီကာရစ်ချက်စ်က ချန်ပီယံဆုအတွက် အပြင်းအထန်ကြိုးစားနေတဲ့ အာဆင်နယ်အသင်းဆီ သတိပေးသတင်းစကားတစ်ခု ပါးလိုက်ပါတယ်။
အာဆင်နယ်အသင်းက နည်းပြအာတီတာရဲ့ဦးဆောင်မှုနဲ့အတူ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့ ကြိုးစားနေပြီး လက်ရှိမှာလည်း ချန်ပီယံဖြစ်ဖို့အတွက် အလားအလာအကောင်းဆုံးအသင်းအဖြစ် ထိပ်ဆုံးမှာ တည်နေပါတယ်။
ဂန်းနားတွေက လက်ကျန်ပွဲစဉ်ရှစ်ပွဲကစားဖို့ ကျန်ရှိနေသေးချိန်မှာ ဒုတိယနေရာရှိ မန်စီးတီးထက် ခုနစ်မှတ်အသာ ရရှိထားပါတယ်။
ဒါပေမဲ့လည်း အာတီတာရဲ့လက်ထက်မှာ ဒုတိယနေရာနဲ့ပဲ နှစ်ပေါင်းများစွာ အဆုံးသတ်ခဲ့ရလို့ အာဆင်နယ်အတွက် အမြဲတမ်းသတိရှိနေဖို့ လိုအပ်တယ်လို့ ရစ်ချက်စ်က ပြောကြားခဲ့ပါတယ်။
"ကျွန်တော်က အဆိုးမြင်တဲ့သူတစ်ဦးတော့ မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ပြောရမယ်ဆိုရင် အာဆင်နယ်အတွက် ဘာဆုဖလားမှ မရရှိသေးပါဘူး။ ရလဒ်ပိုင်းအရ ကြည့်ရင်တော့ သူတို့တွေက အပြစ်ပြောစရာမရှိအောင် ကောင်းမွန်နေပေမဲ့ ကစားကွက်ပိုင်းမှာတော့ အလွတ်တည်ကန်ဘောတွေနဲ့ ပြိုင်ဘက်ရဲ့ကိုယ့်ဂိုးကိုယ်သွင်းယူမိခြင်းတွေအပေါ် အားကိုးနေရတာတွေ ရှိပါတယ်" လို့ ရစ်ချက်စ်က ဆိုပါတယ်။
"လူတွေက အဲ့ဒီအချက်ကိုထောက်ပြကြတာ မမှားပါဘူး။ ဒါပေမဲ့ အာဆင်နယ်က ဘောလုံးကို လှလှပပမကစားဘူးဆိုတဲ့ အဆိုးမြင်ပြောကြားချက်တွေကိုလည်း ကျွန်တော် သဘောမတူပါဘူး။ ရာသီကုန်မှာ အဓိကရည်မှန်းချက်က ချန်ပီယံဖြစ်ဖို့ပါပဲ။ ပန်းတိုင်ကို ဘယ်လိုနည်းနဲ့ ရောက်အောင်သွားသလဲဆိုတာ ဘယ်သူက ဂရုစိုက်နေမှာလဲ"
"သူတို့က ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးမှဦးဆောင်နေသလို ချန်ပီယံလိဂ်မှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချန်ပီယံလိဂ်က ပြည်တွင်းပွဲစဉ်တွေထက် သူတို့နဲ့ ပိုကိုက်ညီလို့ပါ။ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ တိုက်စစ်အပြိုင်ဖွင့်ကစားကြပေမဲ့ ပရီးမီးယားလိဂ်မှာတော့ ပြိုင်ဘက်အသင်းတိုင်းက အာဆင်နယ်ဆိုရင် ခံစစ်ပိတ်ကစားလေ့ရှိပါတယ်" လို့ သူက ဆက်ပြောပါတယ်။
မန်စီးတီးအသင်းကတော့ လွန်ခဲ့တဲ့ကိုးနှစ်တာကာလအတွင်း ခုနစ်ကြိမ်မြောက် ပရီမီယာလိဂ်ဖလားကိုရယူဖို့ မျှော်မှန်းနေသလို ချန်ပီယံလမ်းကြောင်းမှာလည်း အာဆင်နယ်ထက် အတွေ့အကြုံ ပိုများပါတယ်။ ဒါပေမဲ့ အမှတ်ကွာဟချက်ကြီးမားနေလို့ အာဆင်နယ်သာ ခြေစွမ်းတည်ငြိမ်မှုကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် ချန်ပီယံဆုကို သေချာပေါက်ဆွတ်ခူးသွားနိုင်ပါလိမ့်မယ်။