အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပေမယ့် ကာရာဘောင်ဖလားအတွက် မျှော်လင့်ချက်ရှိနေဆဲလို့ ပြောကြားလာတဲ့ ဂါနာချို
ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ အာဆင်နယ်ကို ၂-၃ နဲ့အရေးနိမ့်ခဲ့ပေမယ့် အသင်းရဲ့ ဗိုလ်လုပွဲသို့တက်လှမ်းနိုင်ရေး မျှော်လင့်ချက်မှာ ရှင်သန်နေဆဲဖြစ်ကြောင်း ချဲလ်ဆီးအတွက် ၂ ဂိုးစလုံးသွင်းယူပေးခဲ့တဲ့ တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုက အခိုင်အမာပြောကြားလာခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ ယခုပွဲစဉ်မှာ ချဲလ်ဆီးကို ၃ ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့် ဂါနာချိုရဲ့ ချေပဂိုး ၂ ဂိုးပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် ဒုတိယအကျော့မှာ အနိမ့်ဆုံး သရေကစားဖို့ လိုအပ်သွားမှာဖြစ်ပါတယ်။
ချဲလ်ဆီးအတွက် လူစားလဲဝင်ရောက်ပြီး ၂ ဂိုးအထိသွင်းယူပေးခဲ့တဲ့ ဂါနာချိုက ပွဲအပြီးမှာ "ကျွန်တော် အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကြိုးစားပါတယ်။ ဒီနေ့မှာလည်း အရန်ခုံကနေဝင်လာပြီး အသင်းအတွက် သွင်းဂိုးတွေနဲ့ ကူညီပေးနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူးတိုင်းက ဂိုးသွင်းချင်ကြတာပါပဲ၊ ဒါပေမဲ့ ကျွန်တော့်ရဲ့အလုပ်က အသင်းကို အကောင်းဆုံး ကူညီပေးဖို့ပါ။ ဒီနေ့ ကျွန်တော်တို့ ကြိုးစားခဲ့ပေမဲ့ ရလဒ်က မလုံလောက်ခဲ့ပါဘူး။ ဒါပေမဲ့ အားလုံးပြီးဆုံးသွားတာတော့ မဟုတ်သေးပါဘူး။ ဂိုးကွာခြားချက်က တစ်ဂိုးတည်းပဲရှိတာကြောင့် အခွင့်အရေးက ကျန်ရှိနေဆဲပါ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အာဂျင်တီးနားသားက " အမ်းမရိတ်စ်ကွင်းမှာ ကစားရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ဘယ်လိုအသင်းမျိုးရှိလဲ၊ ကျွန်တော်တို့ ဘာတွေလုပ်နိုင်လဲဆိုတာကိုလည်း သိပါတယ်။ အမ်းမရိတ်စ်ကိုသွားပြီး အစွမ်းကုန် ပေးဆပ်ကစားရမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အရန်ကစားသမားအဖြစ်သာ ပါဝင်လာခဲ့တဲ့အကြောင်းပြချက်ကိုလည်း ဂါနာချိုက "တချို့ပွဲတွေမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ရသလို၊ တချို့ပွဲတွေမှာတော့ မပါဝင်ရတာမျိုး ရှိပါတယ်။ အရန်ခုံက ကစားသမားတွေဟာလည်း ပွဲထွက် ၁၁ ယောက်လိုပဲ အရေးကြီးပါတယ်။ ကျွန်တော်ကတော့ အကောင်းဆုံးဖြစ်အောင်ပဲ ကြိုးစားခဲ့တာပါ။ ကျွန်တော်တို့ မျှော်လင့်ချက်ရှိနေသေးတယ်လို့ ယုံကြည်ပြီး အစွမ်းကုန် ကြိုးစားသွားမှာပါ။ ကျွန်တော် ဒီကိုရောက်နေတာ အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့အတွက်ပါပဲ" လို့ဖြေကြားခဲ့ပါတယ်။