အာဆင်နယ်အတွက် ဆုဖလားသုံးလုံးအောင်မြင်မှု ဖြစ်လာနိုင်တယ်လို့ ဆိုလိုက်တဲ့ အန်ဒီတောင်ဆန်
ချယ်လ်ဆီးကွင်းလယ်လူဟောင်းအန်ဒီတောင်ဆန်က အာဆင်နယ်အသင်းဟာ အခုဘောလုံးရာသီမှာ အထွဋ်အထိပ်အောင်မြင်မှုတွေ ရယူပြီး ဆုဖလားသုံးလုံးအောင်ပွဲပါ ဆွတ်ခူးနိုင်လိမ့်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဂန်းနားတွေက လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေသလို လာမယ့်မတ် ၂၂ ရက်မှာလည်း ကာရာဘောင်ဖလားဗိုလ်လုပွဲအဖြစ် မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားသွားရဖို့ ရှိနေပါတယ်။
ဒါ့အပြင် အာဆင်နယ်က ၂၂ နှစ်ကြာပရီးမီးယားလိဂ်ချန်ပီယံဆုဝေးကွာနေမှုကို အဆုံးသတ်နိုင်ဖို့အတွက် နည်းပြအာတီတာနဲ့အတူ ကြိုးပမ်းနေပါတယ်။ အဲ့ဒီအောင်မြင်မှုအပြင် အခြားဆုဖလားတွေကိုပါ ထပ်မံသိမ်းပိုက်နိုင်မယ်ဆိုရင် နှစ်ပေါင်းများစွာ စိတ်ပျက်အားငယ်ခဲ့ရတဲ့ အာတီတာကို ကလပ်အသင်းရဲ့ ဂန္ထဝင်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ခိုင်ခိုင်မာမာသတ်မှတ်ပေးသွားရပါလိမ့်မယ်။
Andy's Bet Club နဲ့အင်တာဗျူးမှာတော့ မြောက်လန်ဒန်ကလပ်အာဆင်နယ်အတွက် ဆုဖလားအများအပြားရယူနိုင်ဖို့ဆိုတာ လက်လှမ်းမမီနိုင်တဲ့အရာမဟုတ်ဘူးလို့ အန်ဒီတောင်ဆန်က ပြောဆိုပါတယ်။
"ကျွန်တော် တစ်ခုပြောမယ်။ ချန်ပီယံလိဂ်မှာ အာဆင်နယ်က တကယ့်ကို အန္တရာယ်ရှိတဲ့အသင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားမယ့်ကိစ္စကိုလည်း ကျွန်တော် မြင်ယောင်မိသလို အခြားဖလားတစ်လုံး၊ နှစ်လုံးလောက် ရရှိသွားမှာကိုလည်း သေချာပေါက် မြင်တွေ့ရပါလိမ့်မယ်။ ဒီလထဲမှာပဲ သူတို့တွေ ကာရာဘောင်းဖလားဗိုလ်လုပွဲ ကစားဖို့ ရှိနေတယ်လေ။
ဒီနှစ်မှာ အာဆင်နယ် ဖလားနှစ်လုံးရတာမျိုးကိုလည်း တစ်နည်းနည်းနဲ့ မြင်တွေ့ရနိုင်ပါတယ်။ ဒါကို ဘာလို့ပြောရသလဲဆိုတော့ ချန်ပီယံလိဂ်မှာ အခုချိန်မှစပြီး အောင်မြင်မှုနဲ့ ကျရှုံးမှုအကြား ခြားနားချက်က အရမ်းကိုကျဉ်းမြောင်းသွားလို့ပါပဲ။
နောက်ထပ်ပြောရရင် သူတို့က သူတို့ရဲ့ခြေစွမ်းပိုင်းကြောင့် ချန်ပီယံလိဂ်မှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲမှာ ပါဝင်နေတယ်လို့ ထင်ပါတယ်။ ဒါကြောင့် အာဆင်နယ် ဖလားအချို့ရယူနိုင်မယ်ဆိုတာကိုတော့ ကျွန်တော် သေချာပေါက် မြင်နေရပါတယ်။ ဖလားလေးလုံးလား? မဖြစ်နိုင်ပါဘူး၊ အဲဒါမျိုးတော့ ကျွန်တော် မမြင်မိဘူး။ ဒါကတော့ သူတို့အတွက် နည်းနည်းတော့ ခက်ခဲနိုင်ပါလိမ့်မယ်။
ဒါပေမဲ့ ဖလားနှစ်လုံးလောက် ရသွားနိုင်တယ်ဆိုတာတော့ သေချာပေါက်မြင်တွေ့နိုင်ပါတယ်။ သူတို့ရဲ့ခြေစွမ်းက မြင့်တက်နေသလို ဒီရာသီ၊ ပရီးမီးယားလိဂ်မှာလည်း အကောင်းဆုံးအသင်း ဖြစ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
အာတီတာရဲ့အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ လေဗာကူဆင်နဲ့ရင်ဆိုင်ရဖို့ရှိနေပြီး ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရင်တော့ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ဖို့အတွက် စပို့တင်းလစ္စဘွန်း (သို့မဟုတ်) ဘိုဒိုဂလင့်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။