ဝရက်ဇ်ဟမ်းအသင်းရဲ့ချဲလ်ဆီးနဲ့ပွဲစဉ်စွမ်းဆောင်ရည်အပေါ် အလွန်ကျေနပ်အားရနေတဲ့ နည်းပြဖီးလ်ပတ်ကင်ဆန်
ပြီးခဲ့တဲ့စနေနေ့၊ အက်ဖ်အေဖလားပွဲစဉ်မှာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးကို ၄-၂ ဂိုးဖြင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားကာ ရှုံးနိမ့်ခဲ့ပေမဲ့ အကြိတ်အနယ် ရှုံးနိမ့်ခဲ့ပေမဲ့ ဝရက်ဇ်ဟမ်းနည်းပြဖီးလ်ပတ်ကင်ဆန်ကတော့ သူ့ရဲ့ကစားသမားတွေကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
အခုပွဲစဉ်မှာ ပတ်ကင်ဆန်ရဲ့အသင်းက ပြိုင်ဘက်ကို နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ဧည့်သည်အသင်းရဲ့အရည်အသွေးကို မယှဉ်နိုင်ဘဲ ရှုံးနိမ့်သွားခဲ့ပါတယ်။
အခုပွဲစဉ်ရဲ့ဆုံးဖြတ်ချက်အများစုက ၀ရက်ဇ်ဟမ်းဘက်မှာ မရှိခဲ့ဘူးလို့ ဆိုနိုင်ပြီး ဂါနာချိုအပေါ် ကစားပုံကြမ်းတမ်းတဲ့ ဒေါ့ဘ်ဆန်ကို တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သလို ပွဲချိန်နှောင်းပိုင်းမှာရရှိတဲ့ချေပဂိုးကိုလည်း လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ပွဲစဉ်အပြီး BBC Sport နဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပတ်ကင်ဆန်က သူ့အသင်းသားတွေရဲ့ ရဲရဲဝံ့ဝံ့ကြိုးစားအားထုတ်မှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ "ဒီည၊ ကျွန်တော်တို့အသင်းရဲ့ကစားပုံအပေါ် အလွန်ကျေနပ်အားရမိပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ကစားကွက်တွေနဲ့ လှပတဲ့ဘောလုံးကစားဟန်ကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ချယ်လ်ဆီးကို ခံစစ်ပိတ်ဖို့သက်သက် ယှဉ်ပြိုင်တာမဟုတ်ဘဲ အကောင်းဆုံးယှဉ်ကစားနိုင်တယ်ဆိုတာ ယုံကြည်ချက်ရှိခဲ့ပါတယ်" လို့ ပြောပါတယ်။
ဆက်လက်ပြီး "ပထမပိုင်းကို ဦးဆောင်မှုနဲ့အတူ မပြီးဆုံးနိုင်ခဲ့လို့ စိတ်ပျက်မိပါတယ်။ ကစားသမားတွေက ဒီညမှာ အစွမ်းကုန်ပေးဆပ်ကစားခဲ့ကြပြီး ကစားသမားတစ်ဦးလျော့နဲ့ အချိန်ပိုကစားရတယ်ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ ဒုတိယပိုင်းမှာ အစွမ်းကုန်ကြိုးစားချင်ခဲ့သလို အခွင့်အရေးကောင်းတွေလည်း ရခဲ့ပါတယ်။ ကစားသမား ၁၀ ဦးတည်းနဲ့တောင် အခွင့်အရေးတွေရခဲ့လို့ ကစားသမားတွေက ဒီညအတွက် အသိအမှတ်ပြုမှုနဲ့ ထိုက်တန်ပါတယ်" လို့ ဆိုပါတယ်။
ဒေါ့ဘ်ဆန်ရဲ့အနီကတ်နဲ့ ပတ်သက်ပြီးတော့လည်း "ဒုတိယပိုင်းမှာ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီး အနိုင်ရမယ်လို့တောင် ယုံကြည်နေခဲ့တာပါ။ ဒိုင်လူကြီးက အဝါကတ်ပဲ ပြခဲ့တာပါ။ စည်းမျဉ်းတွေတော့ သေချာမသိပေမဲ့ ဒါဟာ ကျွန်တော်တို့ပွဲစဉ်အတွက် ပထမဆုံးအကြိမ် VAR အသုံးပြုတာဖြစ်ပြီး (ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို) ပယ်ဖျက်ဖို့ဆိုရင် ရှင်းလင်းထင်ရှားတဲ့ အမှားဖြစ်ဖို့ လိုပါတယ်။ ဒိုင်လူကြီးက အဝါကတ်ပဲ ဆက်ထားသင့်တယ်လို့ ထင်ပါတယ်" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
"အချိန်ပိုအနားယူချိန်မှာလည်း ကျွန်တော်တို့အတွက် အခွင့်အရေးတွေ ရှိနေဦးမယ်လို့ ပြောခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပေမဲ့ ဒီခြေစွမ်းမှတဆင့် ခွန်အားတွေ ဖန်တီးယူသွားရပါမယ်။ အက်ဖ်အေဖလားခရီးစဉ်ကတော့ တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်။ ဒီညမှာ မြင်ရခဲသလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဉ်တစ်ခု ဖြစ်လာခဲ့ပြီး ထိပ်တန်းအသင်းတစ်သင်းကို အကြိတ်အနယ် ယှဉ်ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှတဆင့် အပြုသဘောဆောင်တဲ့အချက်တွေ အများကြီးရရှိသွားပါလိမ့်မယ်" လို့ ၀ရက်ဇ်ဟမ်းနည်းပြက နိဂုံးချုပ်ပြောကြားသွားခဲ့ပါတယ်။