အကန့်အသတ်တစ်ခုရှိပေမယ့် လီဗာပူးအသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီခဲ့တဲ့ အလွန်ဆို
ဇာဘီအလွန်ဆိုက လီဗာပူးအသင်းနဲ့ စာချုပ်ပါအချက်အလက်တွေကို သဘောတူညီမှုရရှိထားပြီလို့ သိရပါတယ်။
Ok Diario ရဲ့ ဖော်ပြချက်အရ အလွန်ဆိုက လီဗာပူးအသင်းကမ်းလှမ်းတဲ့ သုံးနှစ်သက်တမ်းရှိ စာချုပ်ကို လက်ခံလိုက်ပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ သူရောက်လာဖို့အတွက် အသင်းရဲ့ အခုရာသီ၊ ချန်ပီယံလိဂ်ရလဒ်အပေါ် မူတည်နေပါတယ်။ အကယ်၍ လီဗာပူးအသင်းသာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်မယ်ဆိုရင် အသင်းဘုတ်အဖွဲ့က အလွန်ဆိုကို ခန့်အပ်မယ့်အစီအစဉ် ဖျက်သိမ်းပြီး အန်းစလော့ကိုပဲ နည်းပြအဖြစ် ဆက်လက်ထားရှိသွားပါလိမ့်တယ်။
အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ဖြစ်နေပါတယ်။ သူ့အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၀ သန်း ပေးချေမှုလည်း ပြီးမြောက်သွားပြီဖြစ်လို့ အသင်းသစ်တစ်ခုကို ကိုင်တွယ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
အလွန်ဆိုက လီဗာပူးနဲ့ နှုတ်အားဖြင့် သဘောတူညီမှုရထားပေမဲ့ အရာအားလုံးကတော့ အသင်းရဲ့ ချန်ပီယံလိဂ်ခရီးစဉ်အပေါ်မှာပဲ မူတည်နေပါတယ်။ လီဗာပူးက အခုသီတင်းပတ်မှာ ချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဂါလာတာစာရေးနဲ့ ရင်ဆိုင်ကစားရပါမယ်။