The network connection is lost.

Banner Image

ချဲလ်ဆီးကို သရေကျခဲ့ပေမယ့် ဘောလုံးပြန်ကစားနိုင်လို့ ဝမ်းသာမိကြောင်းပြောကြားလာတဲ့ ရိုဒရီ

မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ရိုဒရီက အသင်းဟာ တနင်္ဂနွေနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးကို ၁-၁ နဲ့သရေကျပြီး အနိုင် ၃ မှတ်နဲ့လွဲချော်ခဲ့ပေမယ့် သူကတော့ ကွင်းထဲမှာ ပြန်လည်ကစားနိုင်ခဲ့တဲ့အတွက် ဝမ်းသာမိကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ မန်စီးတီးအတွက်ဦးဆောင်ဂိုးကို တီဂျာနီရိုင်ဒါစ်က ပထမပိုင်းပြီးကာနီးမှာသွင်းယူခဲ့ပြီး မိနစ် ၉၀ အထိ ၁-၀ နဲ့ဦးဆောင်ထားနိုင်ခဲ့တာကြောင့် ချဲလ်ဆီးတို့ရှုံးပွဲကြုံတွေ့မယ်လို့ ယူဆခဲ့ရပေမယ့် အသင်းအတွက် အဖိုးတန်ချေပဂိုးကို ပွဲပြီးကာနီး ၉၀+၄ မိနစ်မှာ အန်ဇိုဖာနန်ဒက်ဇ်က ပြန်လည်သွင်းယူပေးခဲ့လို့ မန်စီးတီးထံမှ သရေတစ်မှတ်ခွဲယူနိုင်ခဲ့တာဖြစ်ပါတယ်။

ယခုသရေပွဲကြောင့် မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ရမှတ် ၆ မှတ်အထိ ကွာဟသွားခဲ့ပြီလည်းဖြစ်ပါတယ်။ သို့သော်လည်း မန်စီးတီးအတွက် အပြုသဘောဆောင်တဲ့အချက်တစ်ခုအနေနဲ့ ယခုပွဲစဉ်မှာ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ရိုဒရီကတော့ ကြံ့ခိုင်မှုပြည့်ဝနေလို့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်နိုင်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကတည်းက ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့တဲ့ ရိုဒရီဟာ လွန်ခဲ့တဲ့ ၁၆ လတာကာလအတွင်း ကွင်းပြင်ပမှာပဲအချိန်ဖြုန်းနေခဲ့ရပြီး ပြန်ကစားနိုင်မယ့်အချိန်ကို စောင့်မျှော်နေခဲ့ရတာဖြစ်ပါတယ်။အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ခွင့်ရပြီးနောက် ရိုဒရီက "ကျွန်တော့်အတွက်တော့ ဒါဟာ လက်ဆောင်တစ်ခုပါပဲ။ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေက တကယ်ကို ဆိုးရွားခဲ့တာမို့ အခုအချိန်မှာ နိုင်တာ၊ သရေကျတာ၊ ရှုံးတာ အရာအားလုံးက ကျွန်တော့်အတွက် လက်ဆောင်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ဒူးဒဏ်ရာသက်သာလာပြီးနောက် ထပ်မံကြုံတွေ့ခဲ့ရတဲ့ ကြွက်သားဒဏ်ရာတွေနဲ့ပတ်သက်ပြီးတော့လည်း စပိန်လက်ရွေးစင်က "အခုချိန်ကတော့ ပွဲတွေမှာ စည်းချက်မှန်မှန်နဲ့ပြန်ကစားနိုင်ဖို့ပဲ လိုပါတော့တယ်။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့အခြေအနေတွေအရ အခုလက်ရှိအချိန်က ကျွန်တော့်အတွက် ကောင်းမွန်တဲ့အခိုက်အတန်းလို့ထင်ပါတယ်"  လို့ပြောကြားခဲ့ပါတယ်။ 

ချဲလ်ဆီးနဲ့ရင်ဆိုင်ခဲ့ရတဲ့အပေါ်မှာလည်း ရိုဒရီက "ပထမပိုင်းမှာကျွန်တော်တို့ တကယ်ကောင်းခဲ့ပြီး ၃ ဂိုး ၄ ဂိုးလောက်အထိသွင်းနိုင်ခဲ့သင့်ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ကစားပုံမကောင်းခဲ့လို့ သူတို့ဘက်က ပွဲကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။