ဆိုဘိုဆလိုင်းကို ဂျရတ်နဲ့နှိုင်းယှဉ်လို့မရသေးဘူးလို့ ဂလင်းဂျွန်ဆင်ပြောကြား
ဆိုဘိုဆလိုင်းနဲ့ စတီဗင်ဂျရတ်ကို နှိုင်းယှဉ်သုံးသပ်ပေးဖို့ လီဗာပူးနောက်ခံလူဟောင်းဂလင်းဂျွန်ဆင်ဆီ မေးခွန်းတစ်ခု ရောက်ရှိလာခဲ့ပါတယ်။
နည်းပြအန်းစလော့လက်အောက် လီဗာပူးအသင်းက ကာရာဘောင်ဖလားပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှ ထွက်ခွာခဲ့ရပေမဲ့ ဆိုဘိုဆလိုင်းအတွက်တော့ အားတက်စရာအချက်တစ်ခု ရှိနေပြန်ပါတယ်။
ဟန်ဂေရီသားက လီဗာပူးအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲပါဝင်ကစားထားရာမှာ ဂိုးပါဝင်ပတ်သက်မှု ၁၈ ကြိမ်အထိ ပြုလုပ်ထားနိုင်ပြီး ကွင်းလယ်မှာရော၊ ခံစစ်ပိုင်းမှာပါ အသင်းကို ဦးဆောင်ပေးထားနိုင်လို့ အခုရာသီ၊ မာဆေးဆိုဒ်ကလပ်အသင်းရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။
BOYLE Sports နဲ့တွေ့ဆုံချိန် လီဗာပူးအသင်းသမိုင်းတစ်လျှောက်အကောင်းဆုံးဂန္ထဝင်ကစားသမားကြီးဂျရတ်နဲ့ ဆိုဘိုဆလိုင်းကို နှိုင်းယှဉ်နိုင်မလားဆိုပြီး ဂလင်းဂျွန်ဆင်ဆီ မေးမြန်းခဲ့ကြပါတယ်။
"ဆိုဘိုဆလိုင်းနဲ့ ဂျရတ်ကြားမှာ ဆင်တူတဲ့အချက်လေးတွေ ကျွန်တော်မြင်နေရပါတယ်။ ဂျရတ်ကတော့ သူ့နေရာနဲ့သူ ရှိသလို ဘယ်နေရာမှာမဆိုလည်း ကစားပေးနိုင်သူ ဖြစ်ပါတယ်။ ဆိုဘိုဆလိုင်းနဲ့ တခြားကစားသမားအချို့ အသင်းဆီ ရောက်လာချိန် သူက ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။
အခုဆိုရင် သူက ပိုပြီးတော့တောင် တိုးတက်လာပါပြီ။ ဒါပေမဲ့ ဂျရတ်က ပရီမီးယားလိဂ်ရဲ့ ၁၅ နှစ်တာကာလသက်တမ်းတလျှောက် အကောင်းဆုံးဂန္တဝင်တွေအနက် တစ်ဦးဖြစ်တယ်ဆိုတာကို သက်သေပြခဲ့ပြီးဖြစ်နေလို့ ဂျရတ်နဲ့နှိုင်းယှဉ်ဖို့ဆိုတာ ဘယ်သူ့အတွက်မဆို ခက်ခဲတဲ့ကိစ္စ ဖြစ်ပါတယ်" လို့ ဂျွန်ဆင်က ပြောပါတယ်။
"ဒါ ဆိုဘိုဆလိုင်းကို ဝေဖန်တာမျိုးမဟုတ်ပါဘူး။ သူလည်း အကောင်းဆုံးလုပ်ဆောင်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ဂျရတ်ဆိုတာ ဂျရတ်ပါပဲ။ နှိုင်းယှဉ်ဖို့ ခက်ခဲပါတယ်။ လက်ရှိဆိုဘိုဆလိုင်းကစားနေတဲ့ပုံစံက အရမ်းကောင်းပါတယ်။ ပွဲတွေကို ထိန်းချုပ်နိုင်ပြီး အနိုင်ရအောင် လုပ်ပေးနိုင်သလို ပွဲတိုင်းမှာလည်း ပါဝင်ပတ်သက်မှု အားကောင်းပါတယ်။ ဒါကြောင့် သူက ကျွန်တော့်အတွက်တော့ အသင်းလူစာရင်းမှာ ပထမဆုံးရွေးချယ်ရမယ့်သူတွေအနက် တစ်ဦး ဖြစ်ပါတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။
ဂျရတ်ကိုယ်တိုင်လည်း အသက် ၂၅ နှစ်အရွယ်ကစားသမားကို လာမယ့်ဘောလုံးရာသီတွေမှာ အကောင်းဆုံးပုံစံဆီ ရောက်ရှိလာမယ့် တိုးတက်နေသူလို့ အခုဘောလုံးရာသီအစောပိုင်းမှာ ပြောခဲ့ဖူးပါတယ်။
"ဆိုဘိုဆလိုင်းက တဖြည်းဖြည်းရှေ့ဆီ ချီတက်နေပါပြီ။ အခုဆို နောက်ထပ် အဆင့်တစ်ခုကို ရောက်နေပါပြီ။ သူက ကျွန်တော် အချိန်ကြာကြာမြင်ခဲ့ရသမျှဘောလုံးကို အကောင်းဆုံးကစားသမားတွေအနက် တစ်ဦးဖြစ်ပါတယ်။
သူသာ No.10 Role ဒါမှမဟုတ် ကွင်းလယ်တိုက်စစ်နေရာတွေမှာ ဆက်ကစားမယ်ဆိုရင် ဂိုးတွေ ပိုရလာနိုင်သလို သူ့ရဲ့ကစားသမားဘဝကိုလည်း နောက်ထပ်အဆင့်တစ်ခုဆီ ပို့ဆောင်ပေးနိုင်ပါလိမ့်မယ်" လို့ ဂျရတ်က ဆိုပါတယ်။