ချာလ်တန်နဲ့ပွဲမှာ လှလှပပဂိုးသွင်းယူခဲ့ပေမယ့် ဘာကြောင့်အောင်ပွဲမခံခဲ့သလဲ ရှင်းပြလာတဲ့ ဟတ်တို
ချဲလ်ဆီးဘယ်နောက်ခံလူ ဂျော်ရဲလ်ဟတ်တိုက သူဟာ ချာလ်တန်ကို ၁-၅ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးကို ဗော်လီကန်ချက်နဲ့ လှလှပပသွင်းယူခဲ့ပေမယ့် ဘာကြောင့် အောင်ပွဲမခံခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ချဲလ်ဆီးဟာ ပွဲအစကတည်းက ချာလ်တန်ကို ဖိအားပေးကစားပြီး ဂိုးပေါက်ကန်သွင်းခွင့်တွေလည်း အကြိမ်ကြိမ်ရခဲ့ပေမယ့် မန်နီယွန်ရဲ့လက်စွမ်းပြမှုတွေကြောင့် ဦးဆောင်ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပထမပိုင်းပြီးကာနီး အချိန်ပိုမှာတော့ ချဲလ်ဆီးတို့ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး တိုက်စစ်မှူး မာ့ခ်ဂွီယူရဲ့အားထုတ်မှုမှတစ်ဆင့် သူ့ရှေ့ကျလာတဲ့ဘောလုံးကို ဟတ်တိုက မြေမကျဗော်လီကန်ချက်နဲ့ အပြင်းကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဟတ်တိုအနေနဲ့ လှပတဲ့ကန်ချက်နဲ့ဂိုးသွင်းယူခဲ့ပေမယ့် ထူးထူးခြားခြားအောင်ပွဲခံခဲ့ခြင်းမရှိတာကြောင့် သူ့အနေနဲ့ တစ်စုံတစ်ခုကို မကျေမနပ်ဖြစ်ပြီး သရော်ခဲ့သလား ဆိုပြီး ထင်ကြေးပေးမှုတွေရှိလာခဲ့ပါတယ်။ သို့သော်လည်း ဟတ်တိုက "အမှန်တိုင်းပြောရမယ်ဆိုရင် အဲဒီဘောလုံး ဂိုးဝင်သွားတဲ့အချိန်မှာ ကျွန်တော်ကိုယ်တိုင်တောင် နည်းနည်းအံ့ဩသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ အောင်ပွဲမခံဖြစ်လိုက်တာပါ။ ဘောလုံးက ကျွန်တော့်ရှေ့ ကွက်တိရောက်လာတဲ့အချိန် ရုတ်တရက်ကန်လိုက်တာ ကံကောင်းထောက်မစွာနဲ့ ဂိုးအပေါ်ထောင့်ထဲ ဝင်သွားခဲ့ပါတယ်"
"ဒါက ကောင်းမွန်တဲ့ကန်ချက်လို့ထင်ပါတယ်။ ဒီလို ချဲလ်ဆီးကလပ်အသင်းကြီးအတွက် ဂိုးစတင်သွင်းယူပေးနိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်" လို့ပြောကြားခဲ့ပါတယ်။ နည်းပြသစ် လီယမ်ရိုဆင်နီယာအနေနဲ့ ချဲလ်ဆီးကိုစတင်ကိုင်တွယ်တဲ့ပထမဆုံးပွဲစဉ်မှာပဲ ဂိုးပြတ်နိုင်ပွဲရရှိခဲ့လို့ အဖွင့်လှခဲ့ပြီး လာမယ့် ကြာသပတေးနေ့ အာဆင်နယ်နဲ့ထိပ်တိုက်တွေ့ဆုံသွားမယ့် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အနိုင်ရလဒ်ကို ဆက်လက်ဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။