ချယ်လ်ဆီးနဲ့ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ ဝရက်ဇ်ဟမ်းဂိုးသမားအိုကွန်ယို
ဝရက်ဇ်ဟမ်းအသင်းဂိုးသမားအာသာအိုကွန်ကွိုက ဒီနေ့မှာ ချဲလ်ဆီးနဲ့ယှဉ်ပြိုင်ရမယ့် အက်ဖ်အေဖလားပဥ္စမအဆင့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားလိုက်ပါတယ်။
အိုကွန်ယိုက အာဆင်နယ်လူငယ်အသင်းမှပေါ်ထွက်လာသူဖြစ်ပြီး ယခင်ကတည်းက ချယ်လ်ဆီးလူငယ်အသင်းနဲ့ မကြာခဏရင်ဆိုင်ခဲ့ဖူးလို့ အခုပွဲစဉ်မှာ သူ့အတွက် ပိုပြီးတော့ထူးခြားနေပါတယ်။
"ဒါ တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်။ ကျွန်တော်တို့မှာ သမိုင်းသစ်တွေဖန်တီးနိုင်မယ့်အခွင့်အရေး အမြဲတမ်းရှိပါတယ်။ ကျွန်တော် ဝရက်ဇ်ဟမ်းမှာကစားခဲ့တဲ့ ရာသီတိုင်း တစ်ခုမဟုတ်တစ်ခု အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ အခုရာသီမှာလည်း အောင်မြင်မှုတချို့ရထားပြီးပြီဖြစ်သလို နောက်ထပ်လည်း ရယူချင်ပါသေးတယ်။ ကျွန်တော်တို့က အောက်အသင်း(Underdog)အဖြစ် ဒီပွဲကို ရင်ဆိုင်ရဖို့ရှိပေမဲ့ ဒါက တစ်ခါတလေမှာ ကိုယ့်အတွက် အကျိုးရှိစေပါတယ်။ ဒါက ပိုပြီးတော့ ကြိုးစားချင်စိတ်ဖြစ်ပေါ်စေသလို ရှိသမျှအင်အားအကုန်ထုတ်ပြီး တိုက်ပွဲဝင်ချင်စိတ်ကိုလည်း ဖြစ်စေပါတယ်။ ချယ်လ်ဆီးနဲ့ပွဲမှာ ကျွန်တော်တို့ဘက်က အစွမ်းကုန်ကြိုးစားဖို့ပဲရှိပြီး ရလဒ်ကတော့ ဘယ်လိုထွက်လာမလဲ စောင့်ကြည့်ရပါမယ်" လို့ အိုကွန်ယိုက ဆိုပါတယ်။
ဆက်လက်ပြီး သူက "ကျွန်တော် အကယ်ဒမီမှာရှိတုန်းက ချယ်လ်ဆီးနဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးပါတယ်။ သူတို့ ဘယ်လောက်တောင်ကောင်းတဲ့ အသင်းလဲဆိုတာ ကျွန်တော်သိပါတယ်။ သူတို့ရဲ့ကောင်းမွန်မှုကို လူတိုင်းလည်း သိကြပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"အခုလိုအရေးကြီးတဲ့ပြိုင်ပွဲမှာ ဒီလိုအသင်းကြီးမျိုးနဲ့ရင်ဆိုင်ရတာ ကျွန်တော့်အတွက် ထူးခြားတဲ့အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ အကယ်ဒမီမှာ သူတို့နဲ့ ကစားခဲ့ဖူးရာမှ လိဂ်တူး (League Two) အထိ ဆင်းကစားခဲ့ပြီး၊ အခုတစ်ခါ အဆင့်ဆင့်ပြန်တက်လာပြီးမှ အက်ဖ်အေဖလားပွဲကြီးပွဲကောင်းအတွက် သူတို့နဲ့ ပြန်လည်ရင်ဆိုင်ခွင့်ရရှိမှုကတော့ ဘဝသံသရာတစ်ခု ပြည့်မြောက်သွားသလိုပါပဲ" လို့ အိုကွန်ယိုက ပြောကြားသွားခဲ့ပါတယ်။