
ဆာကာကို ဟယ်ရီကိန်းလမ်းစဉ်လိုက်နာဖို့ အကြံပြုချက်ထွက်ပေါ်လာ
တံကောက်ကြောဒဏ်ရာအိပ်မက်ဆိုးနဲ့ရင်ဆိုင်ရပြီးနောက် ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရချိန်မှာပဲ အာဆင်နယ်ကြယ်ပွင့်ဆာကာအတွက် ဟယ်ရီကိန်းနည်းတူလုပ်ဆောင်ဖို့ တိုက်တွန်းအကြံပြုချက် ထွက်ပေါ်လာပါတယ်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ခရစ္စတယ်ပဲလေ့စ်ကို ၅-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ အာဆင်နယ်ရဲ့ပွဲစဉ်အတွင်း ဒဏ်ရာပြဿနာကြုံတွေ့ရပြီးနောက် အင်္ဂလန်ကြယ်ပွင့်က ပုံမှန်စွမ်းဆောင်ရည် ပြန်လည်ရရှိရေးအတွက် ရုန်းကန်ခဲ့ရပါတယ်။ အချိန်အတန်ကြာကုသခဲ့ပြီးနောက် ဆာကာက ဧပြီလအတွင်း ဖူလ်ဟမ်နဲပွဲစဉ်မှာ ပြန်ကစားနိုင်ခဲ့ပေမဲ့ နွေရာသီမှာ နောက်ထပ်ပြဿနာသစ်တွေ ကစားသမားကို စောင့်ကြိုနေခဲ့ပါတယ်။
သြဂုတ်လအတွင်း လိဒ်ကို ငါးဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဆိုင်ရာဆုတ်ယုတ်မှုအသစ် ထပ်မံရင်ဆိုင်ရတဲ့ ဆာကာက လီဗာပူး၊ နော်တင်ဟမ်ဖောရက်စ်၊ ဘီလ်ဘာအိုတို့နဲ့ယှဉ်ပြိုင်ရတဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။ အခုတစ်ကြိမ်ကွင်းတွင်းပြန်ရောက်ရှိလာချိန်မှာတော့ အသက်-၂၃ နှစ်အရွယ်ကစားသမားက အာဆင်နယ်ရဲ့အားအထားရဆုံးပွဲရလဒ်ပြောင်းလဲပေးနိုင်သူပုံစံကို တဖန်ပြန်လည်ရရှိစေရေးအတွက် အဆမတန်ကြိုးစားနေရပါတယ်။
ပရီးမီးယားလိဂ်ရဲ့ဒဏ်ရာပြဿနာဆိုင်ရာကျွမ်းကျင်သူ ဘင်ဒင်နာရီက ဆာကာရဲ့လက်ရှိပုံစံနဲ့ပတ်သတ်ပြီး ချက်ချင်းဆိုသလိုထက် တဖြည်းဖြည်းချင်းသာ ပြန်လည်တည်ဆောက်သွားရမယ်လို့ ရှင်းပြခဲ့ပါတယ်။
အင်တာဗျူးတစ်ခုမှာ ဘင်ဒင်နာရီက “ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကြီးမားတဲ့တံကောက်ကြောဒဏ်ရာတစ်ခုကို ဆာကာ ရရှိခဲ့ပါတယ်။ အခုဘောလုံးရာသီမှာလည်း သူက ချက်ချင်းဆိုသလို ဘောလုံးကွင်းဆီပြန်ဝင်လာခဲ့ပြီး မသက်မသာဖြစ်မှုတွေကို သယ်ဆောင်လာခဲ့ပါတယ်။ ကျွန်တော့်အမြင်အရ သူ့မှာ ပွဲစဉ်ရဲ့ကြံ့ခိုင်မှုနဲ့ အနည်းငယ်ပိုပြီးလိုက်လျောညီထွေရှိနေဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ အရင်ပုံစံပြန်ရဖို့ အလျှင်အမြန်ကြိုးစားနေတယ်လို့တော့ ကျွန်တော် မပြောလိုပါဘူး။ ဒါပေမဲ့ အခက်အခဲက စီနီယာအသင်းနဲ့အတူ ပြင်ဆင်ချိန်အများကြီးမယူဘဲ ကွင်းတွင်းပြန်ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ပွဲစဉ်တွေနဲ့အတူ လိုက်လျောညီထွေစီးဆင်းနိုင်ဖို့အတွက် ဆာကာကိုယ်တိုင် အချိန်ပိုပြီးယူရနိုင်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဘင်ဒင်နာရီက ၂၀၂၀ ပြည့်နှစ်၊ ကစားသမားဘဝထိခိုက်စေတဲ့ တံကောက်ကြောဒဏ်ရာရရှိမှုမှ ပြန်လည်ရုန်းထနိုင်ခဲ့တဲ့ ဟယ်ရီကိန်းရဲ့အမှတ်ရဖွယ်ပြန်လည်ကောင်းမွန်လာမှုကို ထောက်ပြသွားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက တော့တင်ဟမ်တိုက်စစ်မှူးက ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး သူ့ရဲ့အကောင်းဆုံးနေ့ရက်တွေ ကျော်လွန်သွားမယ့်အရေးကို စိုးရိမ်ခဲ့ကြပါတယ်။ အဲ့ဒီအစား ဟယ်ရီကိန်းက ၂၀၂၃ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ခဲ့ပြီး စံချိန်မှတ်တမ်းသစ်တွေကို တစ်ခုပြီးတစ်ခု စိုက်ထူလာခဲ့ပါတယ်။
ဘင်ဒင်နာရီက “ ဒီနေရာမှာ ဆာကာကို အရင်ပုံစံမျိုးပြန်မရနိုင်ဘူးလို့တော့ မပြောနိုင်ပါဘူး။ တံကောက်ကြောဒဏ်ရာရရှိပြီးနောက် စွမ်းဆောင်ရည်ပိုကောင်းလာတဲ့ကစားသမားတွေ အများကြီးရှိခဲ့ဖူးပါတယ်။ ဟယ်ရီကိန်းကတော့ ဒီလိုကိစ္စတွေအတွက် အကောင်းဆုံးဥပမာတစ်ခု ဖြစ်ပါတယ်။ ဆာကာအတွက် ကြံ့ခိုင်မှုအပြည့်အဝရရှိဖို့ ရက်သတ္တပတ်အနည်းငယ်လိုအပ်နေပြီး မာဒူကီဒဏ်ရာရရှိမှုကြောင့် သီတင်းပတ်တိုင်းမှာ သူ ပါဝင်ကစားပေးရဖွယ် ရှိပါတယ်။ ဒါပေမဲ့ ဆာကာရဲ့လက်ရှိအခြေအနေကို ကျွန်တော် စိတ်မပူမိပါဘူး”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ စိန့်ဂျိမ်းစ်ပတ်ခ်မှာ နယူးကာဆယ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်က အာဆင်နယ်ရဲ့စိတ်ဓါတ်ပိုင်းကို ပိုမိုမြှင့်တင်ပေးနိုင်ပေမဲ့ စိန်ခေါ်မှုတွေတော့ မရပ်တန့်သွားခဲ့ပါဘူး။ ဂန်းနားတွေက လာမယ့်ဗုဒ္ဓဟူးနေ့၊ အမ်းမရိတ်စ်ကွင်းမှာ အိုလံပီယာကော့စ်ကို ဧည့်ခံသွားဖို့ရှိနေပြီး သီတင်းပတ်ကုန်မှာတော့ ဝက်စ်ဟမ်းနဲ့ ဒါဘီပွဲစဉ် ဆင်နွှဲသွားရပါမယ်။ ဆာကာအတွက် ဒီလိုပွဲစဉ်တွေက သူ့ရဲ့ရစ်သမ်ပြန်ရှာဖွေနေချိန်မှာတောင် အာဆင်နယ်ရဲ့ပွဲရလဒ်ပြောင်းလဲပေးနိုင်သူအဖြစ် ရှိနေဆဲဆိုတာကို သက်သေပြရင်း ဝေဖန်သူတွေရဲ့သံသယကို နှုတ်ပိတ်သွားစေဖို့ အကောင်းဆုံးအခွင့်အလမ်းတွေ ပေးနေပါတယ်။