ပီလီရဲ့စံချိန်ကိုချိုးဖျက်နိုင်ခဲ့တဲ့ ဟယ်ရီကိန်းကို အထူးချီးကျူးဂုဏ်ပြုခဲ့တဲ့ တူချယ်
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြတူချယ်က အယ်လ်ဘေးနီးယားနဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်း နှစ်ဂိုးသွင်းယူကာ ပီလီရဲ့ နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝသွင်းဂိုးမှတ်တမ်းကိုကျော်ဖြတ်ခဲ့တဲ့ ဟယ်ရီကိန်းဆီ ချီးကျူးဂုဏ်ပြုစကားပေးပို့ခဲ့ပါတယ်။ ပီလီက ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၉၁ ပွဲကစား၊ ၇၇ ဂိုးအထိ သွင်းယူခဲ့ပြီး လက်ရွေးစင်အဆင့်သွင်းဂိုးအများဆုံးကစားသမားအဖြစ် ၅၄ နှစ်ကြာ ရပ်တည်ခဲ့ပါတယ်။
ဒါပေမဲ့ တနင်္ဂနွေနေ့၊ အယ်လ်ဘေးနီးယားနဲ့ပွဲစဉ်မှာ ဟယ်ရီကိန်းက နှစ်ဂိုးသွင်းယူပြီး ပီလီရဲ့စံချိန်ကို တစ်ဂိုးအသာဖြင့် ကျော်ဖြတ်သွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးက အင်္ဂလန်အတွက် သူ့ရဲ့ပထမဆုံးဂိုးကို လစ်သူရေးနီးယားကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ၂၀၁၅ ခုနှစ်၊ မတ်လ ယူရို-၂၀၁၆ ခြေစစ်ပွဲမှာ သွင်းယူခဲ့ပါတယ်။
နောက်ဆယ်စုနှစ်တစ်ခုအကြာမှာတော့ ဟယ်ရီကိန်းက သူ့နိုင်ငံရဲ့သွင်းဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ တော့တင်ဟမ်အကယ်ဒမီထွက်တိုက်စစ်မှူးက ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့သလို ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း အင်္ဂလန်လက်ရွေးစင်အသင်းကို ဗိုလ်လုပွဲအဆင့်ဆီ နှစ်ကြိမ်ဆက်တက်ရောက်နိုင်အောင် ပြိုင်ပွဲရဲ့ပူးတွဲဂိုးသွင်းအများဆုံးကစားသမားနေရာမှ ပါဝင်ကူညီခဲ့ပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)၊ အုပ်စု(K)မှာ ရှစ်ပွဲကစား၊ ရှစ်ပွဲနိုင်၊ ပေးဂိုးလုံးဝမရှိဘဲ အုပ်စုဗိုလ်အဖြစ် ရပ်တည်ကာ လာမယ့်နှစ်၊ ပြိုင်ပွဲကြီးဆီဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိပြီးနောက် တူချယ်က သမိုင်းဝင်ညတစ်ခုမှာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ဟယ်ရီကိန်းရဲ့အားထုတ်ပေးဆပ်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း တူချယ်က “ ကျွန်တော်တို့အသင်း အဝတ်လဲခန်းမှာလည်း ဒီအကြောင်းအရာကိုပဲ ပြောဖြစ်ခဲ့ပါတယ်။ ဟယ်ရီကိန်းက အကောင်းဆုံးအခြေအနေကိုတောင် ပြီးပြည့်စုံမှုအရှိဆုံးအဆင့်အတန်းအထိရောက်ရှိအောင် လုပ်ပေးပါတယ်။ အခုလိုမျိုးပွဲစဉ်တွေမှာ ဟယ်ရီကိန်းရဲ့ပါဝင်အားထုတ်မှုတွေက အံ့မခန်းပါပဲ။ သူက ကျွန်တော်တို့လုပ်သမျှအရာရာတိုင်းမှာ အပြည့်အဝပါဝင်ကူညီပေးပါတယ်။ ဘိုင်ယန်မြူးနစ်အတွက်ဆိုလည်း အလားတူပါပဲ။ သူက ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ အမြင့်မားဆုံးအဆင့်အတန်းမှာ ရှိနေပါတယ်။ ဟယ်ရီကိန်းဆိုတာ ကျွန်တော်တို့အတွက် ဂိုးတွေသွင်းပြီးရင်းသွင်းပေးနေတဲ့သူ ဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာ သူ့ရဲ့အလုပ်လုပ်ပုံ၊ လမ်းကြောင်းရှာဖွေပုံနဲ့ ဖြေရှင်းပုံတွေက အရမ်းကောင်းလွန်းပါတယ်”လို့ ပြောပါတယ်။