The network connection is lost.

Banner Image

ပရီးမီးယားလိဂ်အသင်းကြီးတွေ ထိပ်တိုက်တွေ့ဆုံနေခြင်းမရှိတဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုရလဒ်များ

ကြာသပတေးနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ နိုင်ပွဲကိုယ်စီဖော်ဆောင်ပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြပေမယ့် မဲခွဲမှုရလဒ်မှာတော့ ထိပ်တိုက်တွေ့ဆုံနေကြခြင်းမရှိတာကြောင့် ၃ သင်းစလုံးဟာ ဆီမီးဖိုင်နယ်သို့တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။

စတုတ္ထအဆင့်မှာ ဘရိုက်တန်ကို ၂-၀ နဲ့သက်တောင့်သက်သာအနိုင်ယူခဲ့တဲ့ အာဆင်နယ်ဟာ ယခုကွာတားဖိုင်နယ်မှာတော့ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာဧည့်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ သို့သော် ခရစ္စတယ်ပဲလေ့စ်ကလည်း လီဗာပူးကို အန်ဖီးလ်မှာ ၃ ဂိုးပြတ်သွင်းပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်လာတာဖြစ်လို့ အာဆင်နယ်အတွက် လွယ်ကူတဲ့ပြိုင်ဘက်တော့ဖြစ်လာဖို့မရှိပါဘူး။ 

ပြိုင်ပွဲရဲ့လက်ရှိချန်ပီယံနယူးကာဆယ်ကလည်း တော့တင်ဟမ်ကို အိမ်ကွင်းမှာ ၂-၀ နဲ့အနိုင်ယူခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်မှာ ဖူလ်ဟမ်နဲ့တွေ့ဆုံနေပါတယ်။ ဖူလ်ဟမ်ကတော့ စတုတ္ထအဆင့်မှာ ဝိုင်ကွန်ဘီကို ခက်ခက်ခဲခဲယှဉ်ပြိုင်ခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ ကွာတားဖိုင်နယ်အဆင့်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ မန်စီးတီးကတော့ ကွာတားဖိုင်နယ်မှာ ဘရန့်ဖို့ဒ်ကိုအိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်ကလည်း ယခုနှစ်ရာသီအစက ယူနိုက်တက်ကို ပြိုင်ပွဲကနေဖြုတ်ချခဲ့တဲ့ ဂရင်းစ်ဘီကို စတုတ္ထအဆင့်မှာ ၅ ဂိုးပြတ်အနိုင်ယူခဲ့တာကြောင့် မန်စီးတီးအတွက် ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာဖို့ရှိနေပါတယ်။

နောက်ထပ်မဲခွဲမှုအရ ချဲလ်ဆီးကတော့ လိဂ်ဝမ်းကလပ် ကာဒစ်ဖ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ကာဒစ်ဖ်ဟာ ယခုနှစ်ကာရာဘောင်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ ပရီးမီးယားလိဂ်မှမဟုတ်တဲ့ တစ်ခုတည်းသောအသင်းဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ကွာတားဖိုင်နယ်အဆင့်သို့တက်လှမ်းနိုင်ဖို့ ကြာသပတေးနေ့ညက စတုတ္ထအဆင့်မှာ ဝုဗ်ကို ခက်ခက်ခဲခဲယှဉ်ပြိုင်ခဲ့ရပြီး ၃-၄ နဲ့ကပ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ကာရာဘောင်ဖလား ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုရလဒ်များ 
အာဆင်နယ် - ခရစ္စတယ်ပဲလေ့စ်
ကာဒစ်ဖ် - ချဲလ်ဆီး 
မန်စီးတီး - ဘရန့်ဖို့ဒ် 
နယူးကာဆယ် - ဖူလ်ဟမ်