The network connection is lost.

Banner Image

အဲဗာတန်ကွင်းလယ်လူ ဂျိမ်းစ်ဂါနာကို အင်္ဂလန်အသင်းမှာရွေးချယ်ဖို့ တူချယ်လ်ကို မိုယက်စ်တိုက်တွန်း

အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်က အသင်းရဲ့ကွင်းလယ်လူ ဂျိမ်းစ်ဂါနာကို လာမယ့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်အသင်းမှာရွေးချယ်ဖို့ သောမတ်စ်တူချယ်ကို တောင်းဆိုလာခဲ့ပါတယ်။  ခြေစွမ်းတည်ငြိမ်လာတဲ့အဲဗာတန်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ၂-၀ နဲ့ဂိုးပြတ်အနိုင်ယူခဲ့ပြီး ဒီရာသီအသင်းရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပါတယ်။ မိုယက်စ်အနေနဲ့ အသင်းရဲ့စွမ်းဆောင်ရည်ပေါ် အားရကျေနပ်ပေမယ့် အထူးသဖြင့် ကွင်းလယ်လူဖြစ်လင့်ကစား အသင်းရဲ့ညာနောက်ခံနေရာမှာ အကောင်းဆုံးခြေစွမ်းပြသခဲ့တဲ့ ဂျိမ်းစ်ဂါနာကို ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။ 

မိုယက်စ်က "ဂျိမ်းစ်ဂါနာက စွယ်စုံရကစားသမားတစ်ယောက်ပါ။ ကွင်းလယ်မှာကောင်းကောင်းကစားနိုင်သလို၊ နောက်ခံလူအဖြစ်လည်း ခြေစွမ်းပြနိုင်လို့ အင်္ဂလန်အသင်းအတွက်ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်သင့်ပါပြီ။ ဒီနေ့မှာဆို သူနောက်ခံလူအဖြစ်ကစားပြီး အသင်းကို ကူညီပေးနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဂါနာအနေနဲ့ အင်္ဂလန်အတွက်နောက်ဆုံးကစားပေးခဲ့တဲ့ပွဲစဉ်မှာ ၂၀၂၃ ခုနှစ်က ချန်ပီယံအဖြစ်ဗိုလ်စွဲခဲ့တဲ့ ယူအီးအက်ဖ်အေ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲဖြစ်ပြီး အဆိုပါပြိုင်ပွဲနောက်ပိုင်းမှာ တူချယ်လ်က သူ့ကိုလျစ်လျူရှုထားခဲ့ပေမယ့် မိုယက်စ်ကတော့ အခွင့်အရေးပေးသင့်ကြောင်း တိုက်တွန်းလာခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး မိုယက်စ်က "အဲလက်စ်စကော့ကလည်း ဘုန်းမောက်အတွက် ခြေစွမ်းပြနေပါတယ်။ သူကလည်း အင်္ဂလန်မှာကစားဖို့ထိုက်တန်သူပါ။ အင်္ဂလန်အသင်းမှာ ရွေးချယ်ဖို့အရမ်းကောင်းတဲ့ကစားသမားတွေပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် သောမတ်စ်တူချယ်လ်အနေနဲ့ ဂျုဒ်ဘယ်လင်ဟမ်၊ ဖီးလ်ဖိုဒန်တို့နဲ့အတူ သူတို့ကိုလည်း ယှဉ်ပြီးရွေးချယ်သင့်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ဂါနာက အနာဂတ်မှာ အင်္ဂလန်အသင်းကို ကိုယ်စားပြုနိုင်မယ့် လူငယ်ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ဂါနာဟာ ယခုရာသီမှာ အဲဗာတန်အတွက် ပွဲစဉ်တိုင်းမှာပါဝင်ကစားထားခဲ့ပြီး မိုယက်စ်ရဲ့စိတ်ကြိုက် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ဖို့က တစ်နှစ်တောင်မလိုတော့တာကြောင့် အင်္ဂလန်နည်းပြတူချယ်လ်အနေနဲ့ သူ့ရဲ့စိတ်ကြိုက်ကစားသမားတွေကိုအပြီးသတ်မရွေးချယ်မီမှာ ဆုံးဖြတ်ချက်တွေ အများအပြားချမှတ်သွားရဖွယ်ရှိပါတယ်။