The network connection is lost.

Banner Image

ဆာကာတစ်ယောက် ရက်သတ္တပတ်အချို့အနားယူဖို့လိုအပ်နေသေးတယ်လို့ အာတီတာအသိပေး

အာဆင်နယ်နည်းပြ မီခေးလ်အာတာတီက ကာလရှည်ဒဏ်ရာပြဿနာနဲ့ကြုံတွေ့ထားရတဲ့ တောင်ပံကြယ်ပွင့်ကစားသမား ဘူကာယိုဆာကာဟာ အသင်းအတွက် ပြန်ကစားနိုင်ဖို့ ရက်သတ္တပတ်အချို့ ထပ်မံအနားယူသွားရဦးမယ်လို့ ပြောကြားလာခဲ့ပါတယ်။ အာတီတာက ဆာကာဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ တိုးတက်ကောင်းမွန်မှုတွေရှိနေပေမယ့် ကစားဖို့အတွက်တော့ ကြံ့ခိုင်မှုမပြည့်ဝသေးဘူးလို့ဆိုပါတယ်။ အသက်-၂၃ နှစ်အရွယ်ကစားသမားဟာ ဒီဇင်ဘာလက ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသမှုခံယူခဲ့တာကြောင့် အခုလိုကာလရှည်အနားယူခဲ့ရတာဖြစ်ပါတယ်။ 

ဆာကာအပါအဝင် အာဆင်နယ်ရဲ့အဓိကတိုက်စစ်ကစားသမားတွေဟာ ဒဏ်ရာပြဿနာနဲ့ကြုံတွေ့နေရပြီး ဂါဘရီရယ်ဂျီးဆပ်နဲ့ ကိုင်ဟားဗတ်ဇ်တို့ကလည်း အခုချိန်အထိ ပြန်လည်ကစားနိုင်ခြင်းမရှိသေးပါဘူး။ အာတီတာအနေနဲ့ အထောင်တိုက်စစ်မှူးနေရာမှာ လီအန်ဒရိုထရိုဆက်၊ မီခေးလ်မီရီနိုနဲ့ အသက်-၁၇ နှစ်အရွယ်ကစားသမားလေ အီသန်နွာနီရီတို့ကို အလှည့်ကျအသုံးပြုနေရတာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအာဆင်နယ်ရဲ့လူစာရင်းဟာ ဆုဖလားတွေကိုစိန်ခေါ်ဖို့အတွက်တော့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ 

တနင်္ဂနွေနေ့က ယူနိုက်တက်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ဆာကာရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာ အာတီတာက "နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ သူပြန်ကစားနိုင်မလား သိရမှာပါ။ တိုးတက်မှုတွေတော့ရှိနေပါတယ်။ သူကိုယ်တိုင်ကလည်း ကစားဖို့ စိတ်အားထက်သန်နေပါတယ်။ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး လီဗာပူးနဲ့ ၁၅ မှတ်အထိကွာဟသွားတဲ့အပေါ် အာတီတာက "အမှတ်ပေးဖလားပြိုင်ပွဲက ပြီးဆုံးသွားပြီလို့ ကျွန်တော်မပြောချင်ပါဘူး။ ဒါပေမယ့် ဒီနေ့မှာအနိုင်မရခဲ့တဲ့အတွက်တော့ စိတ်ပျက်မိပါတယ်။ အခုချိန်မှာ ဆုဖလားအကြောင်းမပြောတာပဲကောင်းပါတယ်" လို့ဖြေကြားခဲ့ပါတယ်။

လာမယ့်ဗုဒ္ဓဟူးနေ့မှာ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ပီအက်စ်ဗွီကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပြီး ပထမအကျော့မှာ ၁-၇ နဲ့ဂိုးပြတ်အနိုင်ရထားတာကြောင့် အာတီတာရဲ့အသင်းဟာ ကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ဖို့ သေချာသလောက်ဖြစ်နေပါတယ်။